မတ္တရာ နိုဝင်ဘာ ၂၂
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်၌ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ် (CERP) အရ စိုက်ပျိုးထားသော မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းအား စံကွက်ရိတ်သိမ်းခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကျောက်စရစ် (မြောက်) ကွင်းနှင့် ရေနံ့သာကွင်းတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ စံကွက်ရိတ်သိမ်းရာတွင် ကျောက်စရစ်မြောက်၊ ကွင်းအမှတ်(၁၄၂)မှ တောင်သူ ဦးစိုးလွင်၏ လယ်ကွက်ရှိ ချမ်းမြေ့မေ စပါးမျိုးအား ကောင်းအဆင့် စံကွက်ရိတ်သိမ်းခဲ့ရာ တစ်ဧကထွက်နှုန်း (အခြောက်) ၁၃၅.၄၃ တင်းနှုန်း ထွက်ရှိခဲ့ပြီး ရေနံ့သာ ကွင်းအမှတ် (၁၄၈)မှ တောင်သူ ဦးသန့်ဇော်လင်း၏ လယ်ကွက်ရှိ ချမ်းမြေ့မေ စပါးမျိုးအား ကောင်းအဆင့် စံကွက်ရိတ်သိမ်းရာ တစ်ဧကထွက်နှုန်း (အခြောက်) ၁၁၅.၅၆ တင်းနှုန်း ထွက်ရှိခဲ့ကြောင်းသိရသည်။
အဆိုပါ စံကွက်ရိတ်သိမ်းပွဲသို့ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြတ်သီတာနှင့် ဝန်ထမ်းများ၊ လယ်ယာမြေ စီမံခန့်ခွဲရေး နှင့် စာရင်းအင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ရွှေနံ့သာ မျိုးစေ့ထုတ်အသင်းအဖွဲ့နှင့် ဒေသခံ တောင်သူများ တက်ရောက်ခဲ့ကြသည်။ မတ္တရာ မြို့နယ်၌ CERP အစီအစဉ်ဖြင့် စိုက်ပျိုးသော မိုးစပါးမျိုးစေ့ထုတ်ဧက ၂၉၄၄.၃ ဧက ရှိကြောင်း သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)