ဒေးဒရဲ ဇန်နဝါရီ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင် ထောက်ပံ့ခြင်းနှင့် လွတ်လပ်ရေးမောင်မယ် ဆုချီးမြှင့်ခြင်း အခမ်းအနားကို မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းရုံးခန်းမ၌ ယမန်နေ့ ညနေ ၂ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဖျာပုံခရိုင်၊ မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ရီရီဝင်းက အခမ်းအနားကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ဒေးဒရဲမြို့နယ်အတွင်း၌ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့တွင် မွေးဖွားခဲ့သည့် လွတ်လပ်ရေး မောင်မယ် ကလေးငယ် (၂)ဦးအား မွေးကင်းစကလေး အသုံးအဆောင်ပစ္စည်းများနှင့် ဆုငွေများချီးမြှင့်ခဲ့သည်။ ဆက်လက်ပြီး မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်စန္ဒာအောင်၊ မြို့နယ်ရင်ခွင်မဲ့ကလေးငယ်များ လျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အသင်း ဥက္ကဋ္ဌ ဒေါ်တင်အုန်းနှင့် မြို့နယ်အမျိုးသမီး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဒေါ်တင့်တင့်မော် တို့က မြို့ပေါ် ရပ်ကွက်များရှိ ကိုယ်ဝန်ဆောင် မိခင် (၂၀)ဦးတို့အား အာဟာရနှင့် ချီးမြှင့်ငွေများ ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
မြင့်မြင့်ခိုင်(ပြန်/ဆက်)