နတ်မောက် နိုဝင်ဘာ ၂၂
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် One State One Township Project လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နေ့လယ် ၁နာရီခွဲအချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးသောင်းရွှေက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ် လုပ်ငန်းအကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌ ဦးဝင်းမော်က နတ်မောက်မြို့နယ် One State One Township Project အရ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများ၊ လမ်းပိုင်းဆိုင်ရာ ဆောင်ရွက်မှုများ၊ လျှပ်စစ်ဓာတ်အားများ ပိုမိုကောင်းမွန်စေရေး စသည့် လုပ်ငန်းများနှင့် ပတ်သက်သည့် ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် One State One Township Project တွင်ပါဝင်သည့် သက်ဆိုင်ရာဌာနဆိုင်ရာ အကြီးအကဲများမှ မိမိဌာနအလိုက် လုပ်ငန်းဆောင်ရွက်ရသည့် လမ်း၊ တံတား၊ ရေမြောင်းနှင့်လျှပ်စစ်မီးစသည့် သက်ဆိုင်ရာလုပ်ငန်း အသီးသီးကို ရှင်းလင်းခဲ့ကြရာ တက်ရောက်လာကြသည့် မြို့မိ၊ မြို့ဖများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများကလည်း လိုအပ်သည့် အကြောင်းအရာများကို တင်ပြဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသောင်းရွှေက တင်ပြလာသည့် အကြောင်းအရာများကို ပြန်လည် ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
လှဝင်း (နတ်မောက်)