ပုဂံ-ညောင်ဦး ခရီးစဉ်ဒေသ စီမံခန့်ခွဲရေးကော်မတီ ဒုတိယအကြိမ် (DMO) လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲနှင့် ခရီးစဉ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်

ညောင်ဦး  နိုဝင်ဘာ  ၂၂

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပုဂံ-ညောင်ဦး ခရီးစဉ်ဒေသ စီမံခန့်ခွဲရေး ကော်မတီ (DMO) လုပ်ငန်းညှိနှိုင်း ဆွေးနွေး ပွဲကို ညောင်ဦးမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက် ၉နာရီ အချိန်က ကျင်းပခဲ့ပြီး ယနေ့ နံနက်ပိုင်းတွင် ခရီးစဉ်ဒေသများသို့ မြေပြင်အနေအထား ကွင်းဆင်းကြည့်ရှု စစ်ဆေးကြ ကြောင်း သိရသည်။

ပုဂံ-ညောင်ဦး ခရီးစဉ်ဒေသ စီမံခန့်ခွဲရေးကော်မတီ ဒုတိယအကြိမ် (DMO)လုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် ခရီးစဉ်ဒေသ စီမံခန့်ခွဲရေး ကော်မတီဥက္ကဌ ဦးကျော်ကျော်အုန်း (ခရိုင် အုပ်ချုပ်ရေးမှူး) အဖွင့်အမှာစကား ပြောကြား သည်။ ထို့နောက် ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၊ ပုဂံဌာနခွဲတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းအောင်က (Destination Management Organization - DMO) ခရီးသွားလုပ်ငန်းဆိုင်ရာ အချက်အလက်များနှင့် ရှေ့ဆက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးသည်။ ဆက်လက်၍ ပုဂံ-ညောင်ဦးဒေသ ဟိုတယ်လုပ်ငန်းရှင်များ အသင်း၊ စားသောက်ဆိုင် လုပ်ငန်းရှင်များအသင်း၊ ဧည့်လမ်းညွှန်များ အသင်း၊ ပုဂံပလတ်စတစ် ကမ်ပိန်းဖွဲ့နှင့် အရပ်ဖက် အဖွဲ့အစည်းများမှ တာဝန်ရှိသူများက ကော်မတီမှလက်ရှိဆောင်ရွက်နိုင်မည့်လုပ်ငန်းစဉ်များ၊ ဒေသအတွက် အထိရောက် ဆုံး လုပ်ဆောင်ပေးနိုင်မည့် အချက်များကို အသီးသီး ဝိုင်းဝန်းဆွေးနွေးကြသည်။

အဆိုပါ ပုဂံ-ညောင်ဦး ခရီးစဉ်ဒေသ စီမံခန့်ခွဲရေးကော်မတီ (Destination Management Organization – DMO)ကို ပုဂံရှေးဟောင်း ယဉ်ကျေးမှုဒေသရှိ ခရီးသွားလာရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ အဆင့်အတန်းနှင့် အရည်အသွေး မြင့်မား တိုးတက်စေပြီး ယဉ် ကျေးမှု အမွေအနှစ်များ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေး ကို အထောက်အကူပြုမည့် လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရန်၊ ခရီးစဉ်ဒေသအသီးသီးတွင် ခရီးစဉ်အသစ်များ ဖော်ထုတ်၍ ဒေသခံများ လူနေမှုအဆင့်အတန်း ဖွံ့ဖြိုးတိုးတက် လာစေပြီး အလုပ်အကိုင် အခွင့်အလမ်းများရရှိစေမည့် လုပ်ငန်းတာဝန် (၂၁)ချက် ဖြင့်စီစဉ်ဆောင်ရွက်ပြီး ရှေးဟောင်း ယဉ်ကျေး မှု အမွေအနှစ်များ ကာကွယ်ထိန်းသိမ်း၍ ဘေးထွက်ဆိုးကျိုးများ လျော့ချရန်စသည့်ကဏ္ဍအလိုက် အသီးသီး ဆွေးနွေးကြသည်။

အခမ်းအနားသို့ ညောင်ဦးခရိုင်အုပ်ချုပ်ရေးမှူး (DMO) ဥက္ကဋ္ဌ ဦးကျော်ကျော်အုန်းနှင့် ဖိတ်ကြားထားသည့် ခရိုင်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ DMO ဖွဲ့တွင် ပါဝင်သော အသင်း အဖွဲ့များ၊ ဒေသခံများ တက်ရောက်ကြသည်။ ဆက်လက်၍ နိုဝင်ဘာ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် ပုဂံ-ညောင်ဦးခရီးစဉ်ဒေသ စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်အုန်းနှင့် ဌာနဆိုင် ရာ တာဝန်ရှိသူများ၊ (DMO) အဖွဲ့ဝင်များ လိုက်ပါ၍ ကျောက်မျက်မှော်နှင့် တောကျောင်း ခရီးစဉ် ဒေသသို့ သွားရောက်၍ မြေပြင်အနေအထား သွားရောက်ကြည့်ရှုကြကာ ပြည်တွင်း ပြည်ပ ခရီးသွားများရောက်ရှိလာပါက ယာဉ်ရပ်နားရန် နေရာနှင့် ဈေးသည် များနေရာချထားပေးပြီး လူသွားလမ်းများ အဆင့်မြှင့်တင်ပေးခြင်း၊ ခရီးသွား ဧည့်သည်များ ညနေ နေဝင်ဆည်းဆာအလှ ကိုကြည့်ရှု ခံစားနိုင်ရန် ထိုင်ခုံများ စီစဉ်ဆောင်ရွက်ထားရန် နေရာများနှင့် ဘုရား စေတီ ပုထိုးများရှေ့တွင် ကွယ်နေသည့် ခြုံများ ရှင်းလင်းနိုင်ရန်(DMO) အဖွဲ့ကစီစဉ်ဆောင်ရွက်လျက် ရှိကြောင်း ဦးဝင်းအောင် (ဒုတိယညွှန်ကြားရေးမှူး) ထံမှ သိရသည်။

ကိုထိန် ၊KPD