အင်တောမြို့၌ ကိုဗစ်−၁၉ ကြိုတင်ကာကွယ်ရေး စံသတ်မှတ်ချက်နှင့်အညီ စားသောက်ဆိုင်များ ဖွင့်လှစ်ရောင်းချရေး ကွင်းဆင်းစစ်ဆေး

အင်တော        နိုဝင်ဘာ     ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အင်တောမြို့ရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များကို ကိုဗစ်−၁၉ ရောဂါ ကာကွယ် တားဆီး ရေးဆိုင်ရာ စံသတ်မှတ်ချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချနိုင်ရေးအတွက် ယမန်နေ့ မွန်းလွဲပိုင်း ၃ နာရီ အချိန်က တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာတွင် မြို့အဆင့် ကိုဗစ်−၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးစိုင်းကွမ်း‌ခေး၊ မြို့နယ်ခွဲ စည်ပင်သာယာရေးဌာနမှ တာဝန်ခံ ဦးစိုင်းအောင်သန်းဦးနှင့် တာဝန်ရှိသူများ၊ ကျန်းမာရေး ဝန်ထမ်းများက အင်တောမြို့အတွင်း ရောင်းချလျက်ရှိသော စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်−၁၉ ကာကွယ်၊ တားဆီးရေးဆိုင်ရာ စံသတ်မှတ်ချက်နှင့် အညီ ဖွင့်လှစ်ရောင်းချမှု ရှိ/မရှိ၊ ကွင်းဆင်းစစ်ဆေးခဲ့သည်။ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များတွင် ဆိုင်ထိုင်၍ စားသောက်ခြင်းကို ခွင့်မပြုဘဲ (Take away) ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန် ညွှန်ကြားထားပြီး ယခုအခါ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန် ထားသော ညွှန်ကြားချက်များ၊ သတ်မှတ်စည်းကမ်းချက်နှင့် အညီ ပြင်ဆင်ဆောင်ရွက် သွားရန်နှင့် တိကျစွာ လိုက်နာဆောင်ရွက်မှု ရှိ၊ မရှိအား ထပ်မံစစ်ဆေး၍ ဖွင့်လှစ်ရောင်းချခွင့်ပြုသွားမည် ဖြစ်ကြောင်း သိရသည်။

အောင်ခိုင်(အင်တော)