မြောင်းမြ နိုဝင်ဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ ပြန်လည် ဖွင့်လှစ်ရောင်းချနိုင်ရေး အတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် (၉) နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး၊ မြရွှေဝါ ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြောင်းမြမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန့်ရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်ဆွေက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးမှူး ဒေါက်တာ တင့်တင့်ကျော် မှ စားသောက်ဆိုင်များတွင် ပြင်ဆင် ထားရမည့် ချက်များ၊ စားသောက်ဆိုင်မှ တာဝန်ရှိသူများ၊ ဝန်ထမ်းများ လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ အထူးဂရုပြု ဆောင်ရွက်ရမည့် သန့်ရှင်းရေး လုပ်ငန်းများအား ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် မြောင်းမြမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးဇာနည်တင့်က စျေးရောင်းချသူ/ဝယ်သူများ ကိုဗစ်-၁၉ ရောဂါ အန္တရာယ်ကင်းဝေးစေရန် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို လိုက်နာ ဆောက်ရွက်စေလိုကြောင်း ပြောကြားခဲ့ပြီး မြောင်းမြမြို့နယ် စည်ပင်သာယာရေး အမှုဆောင် အရာရှိ ဦးညွန့်ဝင်းက စားသောက်ဆိုင်များ ပြန်လည်ဖွင့်လှစ်ရာတွင် လိုက်နာ ဆောင်ရွက်ရမည့် အချက်များနှင့် ဖွင့်လှစ်ရောင်းချမည့် စားသောက်ဆိုင်များအား ညွှန်ကြားချက်နှင့်အညီ ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ အစည်းအဝေးသို့ မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန့်ရေး ကော်မတီ အဖွဲ့ဝင်များ၊ စားသောက် ဆိုင်ပိုင်ရှင်များ တက်ရောက်ကြောင်း သိရသည်။
ကေခိုင်စိုး(မြောင်းမြ)