မိတ္ထီလာမြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးလုပ်ငန်းများနှင့် စည်းကမ်းပျက်ယာဉ်များအား ဖမ်းဆီးအရေးယူဆောင်ရွက်

မိတ္ထီလာ   နိုဝင်ဘာ  ၂၂

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် အမှတ်(၉၆) ယာဉ်ထိန်းရဲ တပ်ဖွဲ့စုအနေဖြင့် ဒေသခံပြည်သူများ ယာဉ်အန္တရာယ် ကင်းရှင်းစေရန် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးလုပ်ငန်းများနှင့် စည်းကမ်းပျက်ယာဉ်များအား ဖမ်းဆီးအရေးယူခြင်းကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန် က ရန်ကုန်-မန္တလေးကားလမ်း  ရွှေမြင်တင်စေတီတော်အနီးတွင် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

အမှတ်(၉၆)ယာဉ်ထိန်းရဲ တပ်ဖွဲ့စု (မိတ္ထီလာ)အနေဖြင့် မြို့နယ်အတွင်း ဒေသခံပြည်သူများ ယာဉ်အန္တရာယ် ကင်းရှင်းစေရန်အတွက် ရပ်ကွက်နေပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူ များအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းနှင့် စည်းကမ်းပျက် ယာဉ်များအား ဖမ်းဆီးအရေးယူခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာမှ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားခဲ့သည့်အတွက် ၎င်းလုပ်ငန်းများကို ယာယီနားထား လျက်ရှိသည်။ ထိုသို့ ယာယီ ရပ်နားထားချိန်တွင် ယာဉ်တိုက်မှုများ များပြားလာသည့်အတွက် ယာဉ်အန္တရာယ်ဖြစ်ပွားမှု လျော့နည်းလာစေရန် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းနှင့် စည်းကမ်းပျက်ယာဉ်များအား ဖမ်းဆီးအရေးယူမှု လုပ်ငန်းများ ကို နိုဝင်ဘာလ ရက်နေ့မှ စတင်၍ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း လူစည်ကားရာနေရာများတွင် ဆောင်ရွက်လျက်ရှိသည်။ ၎င်းအပြင် ဒေသခံ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ် စီးနင်းမောင်းနှင်သူများ ၂၀၂၀ ပြည့်နှစ် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေများကို ကျယ်ကျယ် ပြန့်ပြန့်သိရှိစေရန် လမ်းဆုံလမ်းခွ နေရာများ၊ မီးပွိုင့်နေရာများတွင် အသံချဲ့စက်ဖြင့် နေ့ည ဖွင့်လှစ်၍ အသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။ ယင်းသို့ စည်းကမ်းပျက်ယာဉ်များအား အရေးယူရာတွင် ကိုဗစ် ၁၉ ရောဂါ ဖြစ်နေသည့်ကာလ ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှာ ဖွင့်လှစ်နိုင်ခြင်းမရှိသည့်အတွက် ယာဉ်လိုင်စင်နှင့် ယာဉ်မောင်း လိုင်းစင်များ သက်တမ်းလွန်များကို ဖြေလျော့ထားရှိကြောင်း အမှတ်(၉၆)ယာဉ်ထိန်း ရဲတပ်ဖွဲ့စု (မိတ္ထီလာ) ဒုရဲမှူး ရန်နိုင်ထံမှ သိရသည်။

မိတ္ထီလာမြို့နယ်တွင် အမှတ်(၉၆)ယာဉ်ထိန်းရဲ တပ်ဖွဲ့စုမှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းနှင့် စည်းကမ်းပျက်ယာဉ်များအား ဖမ်းဆီးအရေးယူမှု လုပ်ငန်းများကို  ဆောင်ရွက်လျက်ရှိရာ ၂၀၂၀ ဇန်နဝါရီလမှ ယနေ့အထိ အသိပညာပေးခြင်းလုပ်ငန်း အကြိမ် (၃၀)ဆောင်ရွက်နိုင်ခဲ့ပြီး စည်းကမ်းပျက်ယာဉ် ၃၄၆ စီးကို တရားစွဲတင် ဖမ်းဆီးအရေးယူ နိုင်ခဲ့ပါတယ်၊ ၎င်းအပြင် လိုင်စင်မဲ့ယာဉ် ၁၆ စီးကို ဖမ်းဆီး တရားစွဲတင်ပြီး ပြည်သူ့ဘဏ္ဍာ အဖြစ် သိမ်းဆည်းနိုင်ခဲ့ကြောင်း အမှတ်(၉၆)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ သိရ သည်။                                                                                                          

သိန်းမြင့်ကျော်(မိတ္ထီလာ)