ပျော်ဘွယ် စက်တင်ဘာ ၁၄
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦး၊ သံဃံဇာတရေးရာဝန်ကြီး ဦးရွှေဇင်နှင့်အဖွဲ့တို့သည် ပျော်ဘွယ်မြို့နယ်သို့ ယမန်နေ့ညနေ (၆)နာရီက ရောက်ရှိပြီး မြို့ပေါ်ရပ်ကွက်များမှ ရေဘေးရှောင်ပြည်သူများနှင့်တွေ့ဆုံ၍ အားပေးစကား ပြောကြားခြင်း၊ ရိက္ခာထောက်ပံ့ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦးနှင့် သံဃံဇာတရေးရာဝန်ကြီး ဦးရွှေဇင်တို့သည် မြို့မရပ်ကွက်၊ စံကျောင်းဘုန်းတော်ကြီးကျောင်းဓမ္မာရုံရှိ ရေဘေးရှောင် ပြည်သူများ၊ ရှမ်းပွဲရပ်ကွက်၊ ရာပြည့်သာသနာ့ဗိမာန်ရှိ ရေဘေးရှောင်ပြည်သူများနှင့် တွေ့ဆုံကာ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ပျက်စီးသွားသည့်လမ်းတံတားများကို ပြန်လည် ပြုပြင်မည့်အခြေအနေများ၊ အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးပျောက်ဆုံးသွားသည့် နိုင်ငံသား မှတ်ပုံတင်၊ အိမ်ထောင်စုဇယား စသည်တို့ကို ပြန်လည် ပြုလုပ်ပေးမည့်အခြေအနေများ၊ ရေနစ်မြုပ်မှုကြောင့် ပျက်စီးသွားသည့် လျှပ်စစ်မီတာများအတွက် ပြန်လည် ဆောင်ရွက်ပေးမည့် အခြေအနေများ စသည်တို့ကိုရှင်းလင်းဆွေးနွေးပြီး ရေဘေးရှောင်ပြည်သူများအနေဖြင့် စိတ်အား ငယ်မှုမရှိစေရန်အတွက် အားပေးစကားပြောကြားကြသည်။
ဆက်လက်၍ မန္တလေတိုင်းဒေသကြီးအစိုးရအဖွဲ့မှထောက်ပံ့သည့် ဆန်၊ သောက်ရေသန့်၊ ခေါက်ဆွဲခြောက်ထုတ်များ၊ ကြက်ဥနှင့်မုန့်ခြောက်ထုတ်များကို ပေးအပ်လှူဒါန်းရာ ရေဘေးရှောင် ပြည်သူများက လက်ခံရယူခဲ့ကြပြီး ရေဘေးရှောင်စခန်းတို့တွင် ကျန်းမာရေးဝန်ထမ်းများက ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် အခြေအနေများကို ကြည့်ရှုအားပေး ခဲ့ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)