ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဖြစ်ပေါ်သော သသာဝဘေးဖြစ်စဉ်များအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပင်းတယ    စက်တင်ဘာ  ၁၄


ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဖြစ်ပေါ်သော သဘာဝဘေးဖြစ်စဉ်များအား ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအာကာလင်းနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်း က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ပင်းတယမြို့နယ်တွင် စက်တင်ဘာလ ၉ ရက်နေ့မှ စက်တင်ဘာလ ၁၂ ရက်နေ့အထိ မိုးအဆက်မပြတ်သည်းထန်စွာရွာသွန်းမှုကြောင့် ပြည်တော်သာရပ်ကွက်အတွင်းရှိ လူနေအိမ်(၆)လုံး အတွင်းသို့ ရေများစီးဝင်ခဲ့ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ရေဘေးသင့်ပြည်သူများအား သွားရောက် တွေ့ဆုံ၍ အားပေးစကား ပြောကြားကာ အဆိုပါအိမ်ထောင်စု (၆)စုအား အိမ်ထောင်စု (၁)စုလျှင် ငွေကျပ် (၅၀၀၀၀)နှုန်းဖြင့် စုစုပေါင်းငွေကျပ်သုံးသိန်းအား ထောက်ပံ့ပေးအပ်ခဲ့ပြီး သဘာဝပုန်းတလုတ်ကန်အတွင်း ရေဝင်ရောက်မှု၊ ရေပိုလွှဲဆောင်ရွက်ထား ရှိမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဆက်လက်၍  ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် အဖွဲ့သည် တောင်ပေါ်ကြီးကျေးရွာ၊ ပင်းတယ-ရွာငံ ကားလမ်းဘေးရှိ လူနေအိမ်တစ်လုံး ပြိုကျ ပျက်စီးမှုနှင့် ပင်းတယ-ရွာငံကားလမ်း မိုင်တိုင်အမှတ် (၅)ကီလိုမီတာနှင့် (၅ ဒသမ ၅) ကီလိုမီတာ အကြားတွင် အရှည် (၂၆)ပေ၊ အကျယ် (၂၅)ပေခန့် လမ်းမြေကျွံကျမှုအခြေအနေများအား လည်းကောင်း၊ မိုင်းလီကျေးရွာအုပ်စု၊ မိုင်းအင်ကျေးရွာရှိ အောင်ပန်း-ပင်းတယ-ရပ်စောက်သွားလမ်းမပေါ်ရှိ သံမဏိသံဘောင်တံတားဟောင်း ပြိုကျပျက်စီးမှုအခြေအနေများနှင့် ပင်းတယမြို့နယ်၊ ဖောင်းပြားကျေးရွာနှင့် ရပ်စောက်မြို့နယ်၊ မြေနီကုန်းကျေးရွာ၊ တောင်ချွန်းကျေးရွာတို့ဖြင့် ဆက်သွယ်ထားသည့် အရှည်(၅၀)ပေ၊ အကျယ် (၁၄)ပေရှိ ကွန်ကရစ်   တံတား ကျိုးပဲ့ပျက်စီးမှုအခြေအနေများကိုလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပွေးလှကျေးရွာအုပ်စု၊ ရှောက်ပင်ကျေးရွာ၊ ရေဂနိုင်ဘုန်းတော်ကြီးကျောင်းအဆောက်အဦရှေ့ရှိ ကွန်ကရစ်လမ်းအရှည် (၂၅၀)ပေ၊ အကျယ် (၅၀)ပေလမ်းသည် မြေသား (၂၀)ပေခန့် နိမ့်ကျမှုဖြစ်ပွားခဲ့မှုနှင့် ပွေးလှရေကန်အတွင်း ရေများဝင်ရောက်မှုတို့ကို သွားရောက်ကွင်းဆင်း စစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို သက်ဆိုင်ရာဌာနဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေးခဲ့ကြောင်းသိရသည်။
ရဲထက်ဦး(ပင်းတယ)