မိုင်းဆတ် စက်တင်ဘာ ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ စက်တင်ဘာလ (၉)ရက်နေ့နှင့်(၁၀)ရက်နေ့တို့တွင် မိုးသည်းထန်စွာရွာသွန်းသဖြင့် စက်တင်ဘာလ ၁၀ရက်နေ့ နံနက်ပိုင်းမှစ၍ နမ့်ခုတ်ချောင်း၊ မယ် ဆွမ်ချောင်း၊ နမ့်ကျန်းချောင်း ရေကြီးမှုတို့ကြောင့် ရပ်ကွက်/ကျေးရွာအုပ်စု (၇)ခုတွင် တောင်သူ (၁၃၂)ဦး၏ မိုးစပါးစိုက်ဧရိယာ (၃၅၁) ဧကခန့် ရေလွှမ်းမိုးမှုဖြစ်ပွားခဲ့ပြီး မိုင်းဆတ်မြို့အတွင်းရှိ ဌာနဆိုင်ရာရုံးများနှင့် ပြည်သူတို့၏ အိမ်များအတွင်းသို့ ရေများဝင်ရောက်ခဲ့ကြောင်းသိရသည်။
အလားတူ မယ်ဆွမ်ချောင်းမှ ချောင်းရေမျက်နှာပြင်ထက်ကျော်လွန်၍ မယ်ဆွမ်တောင်ရပ်ကွက်၊ နောင်ဟီးရပ်၊ မင်းရဲကျော်စွာလမ်းဘေးဝဲယာရှိ နေအိမ်(၂၆)အိမ်အတွင်းသို့ ရေများဝင်ရောက်ခဲ့ပြီး မြို့သစ်ရပ်ကွက်မှနေအိမ်(၁)လုံး၊ ဆိုက်ခေါင်(၁)လုံး၊ လွယ်ဆောင်ကျေးရွာအုပ်စု၊ ဘာထန်ကျေးရွာ၌ လူနေအိမ်(၅)လုံး၊ ဖားအီကျေးရွာတွင် လူနေအိမ်(၁)လုံး၊ ရေပူစမ်းကျေးရွာတွင် လူနေအိမ်(၁၁)လုံး စုစုပေါင်း လူနေအိမ်(၁၇)လုံး ရေတိုက်စားမျောပါပျက်စီးခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူတို့က ရေဘေးသင့်အိမ်ထောင်စုများအား ဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးခြင်း၊ စားသောက်နေထိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့အတူ မိုင်းဆတ်မြို့နယ်မှ တာဝန်ယူဆောင်ရွက်လျက်ရှိသော နမ့်ဆန်-မိုးနဲ-တာဆန်း-မိုင်းတုံ-မိုင်းဆတ်လမ်း၌ စက်တင်ဘာလ ၁၀ရက်နေ့ နေ့လည် အချိန်ခန့်တွင် (277km-278km) အကြားတွင် အလျား(၈၀) ပေခန့်၊အကျယ်(၃၄)ပေ၊ အမြင့်(၆)ပေခန့် တောင်ပြိုလမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့ပြီး (283km-284km)ကြားတွင် ပျှမ်းမျှအလျား(၇၀)ပေခန့် ၊အကျယ်(၃၄)ပေ၊ အမြင့်(၁၀) ပေခန့် နှင့် (286km-287km)ကြားတွင် အလျား(၉၀) ပေခန့်၊အကျယ်(၃၄)ပေ၊ အမြင့်(၁၂)ပေခန့် တောင်ပြို လမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့ပြီး တာဝန်ရှိသူတို့မှ တောင်ပြိုမြေများ ဖယ်ရှားရှင်းလင်းခြင်း ရေကြီး၊ ရေလျှံမှုကြောင့် နုန်းမြေများ၊ သစ်ပင်/သစ်ကိုင်းများ ဖယ်ရှားရှင်းလင်းခြင်း လုပ်ငန်းများကို ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့အပြင် စက်တင်ဘာလ ၅ရက်နေ့ ညနေ(၅)နာရီခန့်တွင် ရေတိုက်စားမှုကြောင့် နမ့်ခုတ် ငြိမ်းချမ်းရေး တံတားကျိုးပြတ်ခဲ့ရာ တံတားဘေးမှဖြတ်၍ သွယ်တန်းထားသော မိုင်းဆတ်-တာချီလိတ် Backbone Fiber 96 Core UG Cable (၁ )ချောင်း၊ FTTH Over Head ၂၀၀မီတာခန့် ၊24 Core Cable (၂)ချောင်း၊ 12 Core Cable(၁)ချောင်း၊ ၉မီတာ တိုင် (၂)တိုင်နှင့် ၈မီတာတိုင်(၅)တိုင် တို့ပျက်စီးခဲ့ပြီး အစားထိုးပြုပြင်သွယ်တန်းမှုများ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း တာဝန်ရှိသူတို့၏ ပြောကြားချက်အရ သိရသည်။
စက်တင်ဘာလ ၁၀ရက်နေ့ ညနေ (၅)နာရီခွဲခန့်တွင် မိုင်းဆတ်မြို့နယ် ၊လမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော မိုင်းဆတ်-ဆိုက်ခေါင် ရွာကြား (1km - 2km)အတွင်းရှိ တံတား အမှတ် (၁/၂)အရှည် (၃၃၀)ပေ၊ အကျယ်(၃၀)ပေ ၊တံတားတွင် ခန်းပွင့် (၆၅.၅)ပေ x၄ခန်းနှင့် (၃၃)ပေ x ၂ခန်း စုစုပေါင်းအရှည် (၃၃၀)ပေရှိရာ (၆၅.၅)ပေx၃ခန်း စုစုပေါင်း (၁၉၆.၅) ပေရေ တိုက်စား မှုကြောင့် ပြိုကျပျက်စီးခဲ့ပြီး ရေကျဆင်းသွားပါက လမ်းလွှဲယာယီတံတား ပြုလုပ်နိုင်ရန် တံတား ပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ စုဆောင်းလျက်ရှိပြီး ယာယီသွားလာနိုင်ရန် အရှည်(၃၉၀)ပေ၊ အ ကျယ်(၅)ပေရှိ မျောတိုင်၊ဝါး၊ဝါးကပ်ဖြင့် ယာယီတံတားအား လူ၊ဆိုင်ကယ်သွားလာနိုင်ရန် ပစ္စည်းများ စုဆောင်း လျက်ရှိကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူတို့၏ ပြောကြားချက်အရ သိရသည်။
မိုင်းခုတ်မြို့မှ မိုင်းဆတ်မြို့ 66kv line Fault ဖြစ်၍ 66kv Tower အမှတ်-၂၈ (ယခင်ပြုပြင်ရန် ပြင်ဆင်ထားသော တာဝါ)၊ အမှတ်၂၉ တာဝါတိုင်များအား ကရိန်းကား (၁)စီးနှင့် single Cab (၁)စီး ၊လုပ်သားအင်အား (၂၀)ခန့် နယ်မြေခံတပ်ရင်း နှင့် တာဝန်ရှိသူများပူးပေါင်းပြီး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
စက်တင်ဘာလ(၁၀)ရက်နေ့ မွန်းလွဲ(၁)နာရီက မိုင်းဆတ်-တာချီလိတ်သွားလမ်းပေါ်ရှိ မယ်ပုလုံကျေးရွာအုပ်စု၊ မယ်ကျန်းကျေးရွာအဝင် မိုင်တိုင်အမှတ်(85 km)ရှိ သံကူကွန်ကရစ်တံတား ချဉ်းကပ်လမ်းမှာ တောင်ကျရေစီးဆင်းမှုကြောင့် ပေ(၂၀)ခန့် ပြိုကျပျက်စီးကာ ညနေ(၃)နာရီ အချိန်တွင် နမ့်ခုတ်ချောင်းအတွင်းတောင်ကျရေစီးဆင်းမှုကြောင့် မိုင်းခုတ်မြို့၊ အမှတ်(၂)ရပ်ကွက်ရှိ လမ်းဦးစီးဌာနမှ တည်ဆောက်ထားသည့် သံဘောင်တံတားသည် ရေတိုက်စားမှုကြောင့် ချောင်းအတွင်း မျောပါခဲ့ပြီး ညနေ(၄)နာရီခွဲအချိန်က မိုင်းဆတ်-တာချီလိတ်သွားလမ်းပေါ်ရှိ မိုင်းဆတ်မြို့အထွက် (1KM-2KM)အကြားရှိ ဆိုက်ခေါင်တံတား(၆၅ ဒဿမ ၅)ပေ(၄)ခန်း၊ (၃၃)ပေ(၂)ခန်း၊ စုစုပေါင်း(၃၂၀) အရှည်ပေ ရှိသည့်အနက် တောင်ကျရေတိုက်စားခြင်းကြောင့် (၆၅ ဒဿမ ၅)ပေ(၃)ခန်း၊ (၁၉၆ ဒဿမ ၅)ပေခန့် ပြိုကျပျက်စီးခဲ့ပြီး ယာယီဘေလီတံတားတည်ဆောက်နိုင်ရေး ခရိုင်၊ မြို့နယ် လမ်းဦးစီးဌာနမှ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
အဆိုပါ ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ခြင်းကြောင့် ဆက်သွယ်ရေးလိုင်းများ ကောင်းမွန်ရေး၊ လျှပ်စစ်မီး အမြန်ရရှိရေး၊ အခြေခံစားသောက်ကုန်များ ဈေးနှုန်းကြီးမြှင့်မှု မရှိစေရေး၊ စက်သုံးဆီ ပြတ်လပ်မှု မရှိစေရေးနှင့် မိုင်းဆတ်-တာချီလိတ်လမ်း အမြန်ဆုံးသွားလာနိုင်ရေး ခရိုင်၊ မြို့နယ် အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူတို့က ကွင်းဆင်းကြည့်ရှုစစ်ဆေးကာ လိုအပ်သည့် ပံ့ပိုးကူညီမှုများ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း တာဝန်ရှိသူတို့၏ ပြောကြားချက်အရ သိရသည်။
ခရိုင်၊(ပြန်/ဆက်)