ကန်ကြီးထောင့်မြို့နယ်တွင် စားသောက်ဆိုင်များ သတ်မှတ်ချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ် နိုင်ရေး ကွင်းဆင်းစစ်ဆေး

ကန်ကြီးထောင့်   နိုဝင်ဘာ     ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ် အတွင်းရှိ စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး သတ်မှတ်ချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် တာဝန်ရှိသူများက ယမန်နေ့ နံနက် ၁၀ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်စုံ ဦးဆောင်သည့် ပူးပေါင်းအဖွဲ့က စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များ ပြန်လည်ဖွင့်လှစ်ရာတွင် ပြင်ဆင်ထားရှိရမည့် အချက်များ၊ စားသောက်ဆိုင်မှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ လိုက်နာရမည့် အချက်များ၊ စားသုံးသူများ လိုက်နာ ဆောင်ရွက်ရမည့်အချက်များ၊ အထူးဂရုပြု ဆောင်ရွက်ရမည့် သန့်ရှင်းရေးလုပ်ငန်းများ စသည့် အချက်များကို ဆိုင်ပိုင် ရှင်များအား အသိပေး ရှင်းလင်းပြောကြားပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှု အခြေအနေများကို စစ်ဆေးခဲ့ကြောင်း သိရသည်။

ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ သတ်မှတ်ချက်များအား စနစ်တကျ လိုက်နာဆောင်ရွက်မှုရှိ/မရှိကို ထပ်မံစစ်ဆေးသွားမည် ဖြစ်ပြီး သတ်မှတ်စည်းကမ်းချက်များနှင့် ကိုက်ညီမှုရှိပါက မကြာမီ ပြန်လည် ဖွင့်လှစ်ခွင့်ပြုသွားမည် ဖြစ်ကြောင်း မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလှိုင်ဝင်းဟန်က ပြောသည်။

နန်းထိုက် (ပြန်/ဆက်)