တုံတာ နိုဝင်ဘာ ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့တွင် ဖွင့်လှစ်ရောင်းချလျက်ရှိသော စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ သတ်မှတ်စည်းကမ်းချက်များနှင့် ဖွင့်လှစ်ရောင်းချနိုင်ရေးအတွက် တာဝန်ရှိသူများက ယနေ့နံနက် ၉ နာရီခွဲခန့်တွင် ကွင်းဆင်း စစ်ဆေးခဲ့သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့စည်ပင်သာယာရေး ကော်မတီရုံးခွဲ၊ မြို့ကျန်းမာရေးဦးစီးဌာနတို့မှ သက်ဆိုင်ရာ တာဝန်ရှိသူများက တုံတာမြို့အတွင်း ရောင်းချလျက်ရှိသော စားသောက် ဆိုင်များနှင့်လက်ဖက်ရည်ဆိုင်များတွင် ရောက်ရှိလာသော စားသုံးသူများကို ဆိုင်အဝင်ဝတွင် အပူချိန်တိုင်းတာရန်၊ လက်ဆေးရန် နေရာများ ဆောင်ရွက် ထားရှိခြင်း၊ ဆိုင်ထိုင်စားသုံးမည့် နေရာများသည် လေဝင်လေထွက် ကောင်း၍ လေအေးပေးစက် တပ်ဆင်ထားပါက ပြူတင်းပေါက်များဖွင့်ထားရန် စီစဉ်ထားရှိခြင်း၊ တစ်ဦးနှင့်တစ်ဦးကြား ကတ်ထူ ပြား၊ မှန်ပြား၊ သစ်သားပြားတို့ဖြင့် ကန့်ထားပေးပြီး စားသောက်နိုင် ရေးစီစဉ်ထားခြင်း၊ ၅ဦးထက်မပိုသော မိသားစု ဖြစ်ပါက အတူထိုင်စားသောက်နိုင်ရန် စီစဉ်ပေးခြင်း၊ ပိုးသတ်ထားသော ပန်းကန်၊ ဇွန်းများ အသုံးပြုရန် စီစဉ်ထား ရှိခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် ပတ်သတ်သည့် ကျန်းမာရေး အသိပညာပေး ပိုစတာများ၊ ဗွီနိုင်းများကို လူအများ မြင်သာသောနေရာများတွင် ကပ်ထားပေးခြင်း၊ စားသုံးသူများအတွက် ပါးစပ်၊ နှာခေါင်းစည်းများကို ဆိုင်အတွင်းသို့ မဝင်မီ တပ်ဆင်နိုင်ရန် မှန်ကန်သောစျေးနှုန်းဖြင့် ရောင်းချပေးနိုင်ရေးစသည်ဖြင့် စီစဉ်ထားရှိနိုင်ရေး အတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
တုံတာမြို့အတွင်းရှိ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များတွင် ဆိုင်ထိုင်စားသောက်ခွင့် မပြုဘဲ ပါဆယ် စနစ် ဖြင့်သာ ရောင်းချရန်ညွှန်ကြားထားပြီး ယခုအခါ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ညွှန်ကြားထားသော သတ်မှတ်စည်းကမ်း ချက်များနှင့်အညီ ပြင်ဆင်ဆောင်ရွက်သွားရန်နှင့် လိုက်နာဆောင် ရွက်ပြီးစီးမှုများအား ထပ်မံစစ် ဆေး၍ လိုက်နာမှုရှိမှသာ ရောင်းချခွင့်ပြုသွားမည် ဖြစ်ကြောင်း သိရသည်။
လှိုင်လှိုင်ငြိမ်း (ပြန်/ဆက်)