မြို့နယ်ပညာရေး မိသားစုမှ မောတောင်တိုက်နယ်ဆေးရုံသို့ ချွဲစုပ်စက်ဝယ်ရန် အလှူငွေများ လှူဒါန်း

တနင်္သာရီ    နိုဝင်ဘာ    ၂၁  

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်ပညာရေး မိသားစု၏ ရွှေရီပညာစာနာဖေးကူမှုအသင်းမှ တနင်္သာရီမြို့နယ် မောတောင်မြို့ (၁၆) ကုတင်ဆံ့ တိုက်နယ်ဆေးရုံတွင်  Electric  Suction  Machine (ချွဲစုပ်စက်) ဝယ်ယူရန်အတွက် ချွဲစုပ်စက်တန်ဘိုးငွေ (၂၈၀,၀၀၀) ကျပ်ကို မောတောင်မြို့-တိုက်နယ်ဆေးရုံ ရုံးခန်းအတွင်း ယမန်နေ့ နံနက်ပိုင်းက တာဝန်ခံ ဆရာဝန်ဒေါက်တာသီဟအောင်ထံ လှူဒါန်းပေးသည်။

ထိုသို့လှူဒါန်းရာ၌ တနင်္သာရီမြို့နယ်ပညာရေး မိသားစု၏ ရွှေရီပညာစာနာဖေးကူမှုအသင်း (ကိုယ်စား) အထက(ခွဲ) မောတောင် ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းနွယ်နှင့် ဆရာ/ဆရာမများက အလှူငွေကို ပေးအပ်ရာ တာဝန်ခံ ဆရာဝန် ဒေါက်တာသီဟအောင်က လက်ခံရယူ၍ ကျေးဇူးတင်ဝမ်းမြောက်စကားပြောကြားပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ကြောင်း သိရသည်။

ယင်း တနင်္သာရီမြို့နယ်ပညာရေးမိသားစု၏ ရွှေရီပညာစာနာပေးကူမှုအသင်းသည် လက်ရှိဖြစ်ပွားနေသော ကိုဗစ် -၁၉ ရောဂါ ကာလအတွင်း အရေးပေါ်အသုံးပြုနိုင်ရန်အတွက် ပထမအကြိမ် အဖြစ် ပုလောမြို့နယ် ပြည်သူ့ဆေးရုံသို့ တန်ဖိုး ငွေ (၆၅၀၀၀၀/-)ကျပ်ရှိ အောက်ဆီဂျင်စက်(တစ်)လုံး ကိုလည်းကောင်း၊ (ဒုတိယ)အကြိမ်တွင် ကုတင်(၅၀)ဆံ့ တနင်္သာရီမြို့နယ်ပြည်သူ့ဆေးရုံတွင် ဆေးသိုလှောင်ရုံမှာ ဆေးတင်စင် ပြုလုပ်ရန်(၈၀၀၀၀၀/)ကိုလည်းကောင်း၊ (တတိယ) အကြိမ်အဖြစ် တကူ(စံပြ)တိုက်နယ် ဆေးရုံ၌အရေးပေါ် အသုံးပြုနိုင်ရန် (၈၈၀၀၀၀)ကျပ်တန်ဖိုးရှိသည့် Patient Monitor စက်(တစ်)လုံးကိုလည်းကောင်း၊ နိုဝင်ဘာ()ရက် နေ့ကလည်း တကူ(စံပြ)တိုက်နယ် ဆေးရုံအတွင်း အဝီဇိတွင်း တူးဖော်ရန်အတွက် အလှူငွေ()သိန်း ကို (စတုတ္ထ)အကြိမ် အဖြစ်လည်းကောင်း၊ ယခုအကြိမ်သည် (ပဉ္စမ) အကြိမ် လှူဒါန်းခြင်း ဖြစ်ကြောင်း၊ မြို့နယ်အတွင်းရှိ ဆရာ/ဆရာမများ စုပေါင်းထည့် ဝင်ငွေဖြင့် ယခုကဲ့သို့ လှူဒါန်းခြင်းဖြစ်ကြောင်း မှတ်တမ်းများအရ သိရှိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)