မိုးညှင်း နိုဝင်ဘာ ၂၂
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်သည် Stay at Home မြို့နယ်တွင် အကျုံးဝင်သော်လည်း အိတ်ချ်ပီဗီ ကာကွယ်ဆေးကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများတွင် ဖွင့်လှစ်ထား သည့် ကျန်းမာရေး ဌာနများတွင် (၁)ရက်လျှင် အသက် (၉) နှစ်မှ (၁၀)နှစ်အရွယ် မိန်းကလေးငယ်ဦးရေ (၅၀)ကို နိုဝင်ဘာလ ၂၀ ရက်နေ့မှစ၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်အရ စတင်ထိုးနှံပေးနေပြီဖြစ်ကြောင်း ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာလာမာမီး က ပြောကြားသည်။
မိုးညှင်းမြို့နယ်အတွင်း အိတ်ချ်ပီဗီပိုးကြောင့်ဖြစ်သော သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကို မူလက အောက်တိုဘာလ ၂၁ ရက်နေ့တွင် စတင်ထိုးနှံရန် စီစဉ်ထားသော်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက အောက်တိုဘာလ ၂၀ ရက်နေ့တွင် မိုးညှင်းမြို့နယ်ကို Stay at Home မြို့နယ်အဖြစ် သတ်မှတ်ခဲ့ သောကြောင့် ပုံမှန် ကာကွယ်ဆေးထိုး/ဆေးတိုက်လုပ်ငန်းများနှင့်အတူ အိတ်ချ်ပီ ဗီကာကွယ်ဆေးထိုး လုပ်ငန်းများကိုလည်း ရက်ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်ကာ ယခုလ ၂၀ ရက်နေ့မှ စ၍ အိတ်ချ်ပီဗီကာကွယ်ဆေးကို စတင်ထိုးပေးနိုင်ခြင်းဖြစ်သည်။
တစ်မြို့နယ်လုံး အတိုင်းအတာအရ အိတ်ချ်ပီဗီကာကွယ်ဆေးထိုးမည့် အစီအစဉ်တွင် အကျုံးဝင်သည့် အသက် ၉ နှစ်မှ ၁၀ နှစ်အရွယ် မိန်းကလေးငယ်ပေါင်း ၂၂၀၀ ကျော်ရှိပြီး အဆိုပါ မိန်းကလေးငယ်များ အားလုံးကို ယခုလ ၂၀ ရက်နေ့မှစ၍ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာများရှိ ကျန်းမာရေးဌာနများတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ တစ်ရက်(၅၀)ဦးနှုန်းဖြင့် ထိုးနှံပေးသွား မည်ဖြစ်ပြီး ပုံမှန် ကာကွယ်ဆေးထိုး/ ဆေးတိုက် ခြင်း အစီအစဉ်များကိုလည်း ဒီဇင်ဘာလ ၁ ရက်နေ့မှစ၍ စတင်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ခရိုင်ဆေးရုံအုပ်ကြီးထံမှ သိရသည်။
ကျော်ကျော်ထွေး(မိုးညှင်း)