မံစီ နိုဝင်ဘာ ၂၂
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် ဆိုင်ဝမ်ကထောင်ကျေးရွာ၌ တပ်ဆင်ဆောင်ရွက်ထားသည့် (မန္တလေး-လားရှိုး-ဗန်းမော်-မြစ်ကြီးနား) ပြည်ထောင်စုလမ်းမကြီး တန်ပိုစစ်ဆေးရေးကတ္တားဂိတ် (Weight Bridge) တွင် လမ်းမကြီးပေါ် ဖြတ်သန်းသွားလာမည့် မော်တော်ယာဉ်များ သတ်မှတ်ကုန်တင် တန်ချိန်ထက် ကျော်လွန်၍ တင်ဆောင်မောင်နှင်ခြင်း မပြုစေရေးအတွက် မြို့နယ်လမ်းဦးစီးဌာနမှ အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၉ နာရီက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ကိုကို ပြည်နယ်လွှတ်တော် ကိုယ်စား လှယ်ဦးမင်းမင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခေါင်နှင့် တာဝန်ရှိသူများ လာရောက်ကြည့်ရှုခဲ့ကြပြီး လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
တန်ပိုယာဉ်များ ဖြတ်သန်းသွားလာခြင်း မပြုရန်အတွက် နိုဝင်ဘာ ၁၁ ရက်နေ့ကစတင်၍ အသိပညာပေးခြင်း၊ ပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်လျက်ရှိနေပြီး သတ်မှတ်ကုန်တင်ချိန်ထက် ကျော်လွန် ၍ တင်ဆောင်မောင်းလာသည့် မော်တော် ယာဉ်များကို လာမည့် နိုဝင်ဘာ ၂၅ ရက်နေ့ ကစတင်၍ လမ်းမကြီးများ ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ တန်ပိုစစ်ဆေးရေး ကတ္တားဂိတ်(Weight Bridge)ကို (၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ် ပြည်နယ် ဘဏ္ဍာ ရန်ပုံငွေ ကျပ်(၇၉ ဒသမ ၆၀၀) သန်းဖြင့် စက်တင်ဘာ ၉ ရက်နေ့က စတင် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရိန် (ပြန်/ဆက်)