မိုးကောင်း နိုဝင်ဘာ ၂၃
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့ရှိ လူစုလူဝေးများပြီး လူထူထပ်သောနေရာများ ဖြစ်သည့် စည်ပင်သာယာရေးအဖွဲ့ပိုင်ဈေးများ၌ ယမန်နေ့နံနက်(၇)နာရီတွင် Surgical Mask များကို ဈေးရောင်း၊ ဈေးဝယ်ပြည်သူများအား အခမဲ့ဝေငှပြီး Mask တပ်ရန် Hand Speaker ဖြင့်ဆော်ဩ အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးအသိမြှင့်တင်ရေးနှင့် ပြုမူပြောင်းလဲဆက်သွယ်ပညာပေး လူထု လှုပ်ရှားမှုများ (Mask Campaigns together with Face shields and Hand speaker announcement) ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် ဆောင်ရွက်ရန်ကျန်းမာရေးဌာနသို့ လမ်းညွှန်ထားမှုအရ Mask Campaigns လှုပ်ရှားမှုများကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ မြို့နယ် ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များနှင့်အတူ ဆောင်ရွက်ခြင်း ဖြစ်သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်း၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်မြင့်၊ အမှုဆောင်အရာရှိ ဦးမျိုးဌေးနှင့်စည်ပင်ဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေး ဦးစီး ဌာနမှူး ဒေါက်တာကောင်းမြတ်စံနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာန ဒု-ဦးစီးမှူး ဦးလဂျွန်း ဦးစီးအဖွဲနှင့် ကြက်ခြေနီသူနာပြုအဖွဲ့ တပ်ဖွဲ့မှူးဒေါ်ဆွေမာသင်း ဦးစီးအဖွဲ့ တို့သည် အဖွဲ့(၂) ဖွဲ့ခွဲကာ ကျန်းမာရေး ဌာနမှဝေငှသည့် Surgical Mask (၈၀၀) ခုအား အခမဲ့ဝေငှပြီး Mask တပ်ရန် Hand Speaker ဖြင့်အသိပညာပေးခြင်းတို့အား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)