လေးမျက်နှာ နိုဝင်ဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိလူနာ ယမန်နေ့အချိန်ထိ (၃၅) ဦးအား ခရိုင်ပြည်သူ့ဆေးရုံကြီးနှင့် မြို့နယ်ပြည်သူ့ဆေးရုံတို့မှ ကျန်းမာရေးဝန်ထမ်းများက ဂရုစိုက်ကြပ်မတ် ကုသဆောင်ရွက်ပေးလျက်ရှိရာ (၂၁.၁၁.၂၀၂၀) ရက်နေ့ ညနေပိုင်းက လေးမျက်နှာမြို့နယ်ပြည်သူ့ဆေးရုံတွင် တက်ရောက်ကုသနေသော ပိုးတွေ့လူနာ (၄) ဦးတို့သည် ကျန်းမာရေး ပြန်လည်ကောင်းမွန်ပြီး သတ်မှတ်ရက် ပြည့်ပြီဖြစ်သဖြင့် ဆေးရုံဆင်းခွင့်ရရှိကာ လူနာများ သည်လည်း ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ဆေးရုံဆင်းလူနာများအား မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစုစုလှိုင်က ဆေးရုံဆင်းလက်မှတ် ပေးအပ်ခဲ့ကာ Stay at home နေရမည့် စည်းကမ်းချက်များ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဆေးရုံဆင်း လူနာများအား လူမှုကူညီရေးအသင်းတို့မှ ကားများဖြင့် အိမ်တိုင်ရာရောက် လိုက်လံပို့ဆောင် ခဲ့သည်။
မြို့နယ်ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ စုစုပေါင်း (၃၅) ဦးရှိပြီဖြစ်ပြီး ယမန်နေ့နံနက်ပိုင်းထိ ပိုးတွေ့လူနာ အားလုံးကောင်းမွန်သက်သာ၍ ဆေးရုံဆင်းသွား ကြပြီးဖြစ်ရာ လေးမျက်နှာမြို့နယ်တွင် Positive လူနာမရှိကြောင်း သိရသည်။
ဝေဝေ(လေးမျက်နှာ)