ဖားကန့်၌ အမျိုးသမီးတစ်ဦး ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ

ဖားကန့် နိုဝင်ဘာ ၂၃

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းတိုက်နယ်ဆေးရုံတွင် အနံ့ပျောက်သဖြင့် ဆေးဝါးကုသမှု ခံယူနေသည့် အမျိုးသမီးတစ်ဦးအား ယမန်နေ့က Test Stick ဖြင့်စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း လုံးခင်းတိုက်နယ်ဆေးရုံအုပ်ကြီး ထံမှ သိရသည်။

"မနေ့က ညနေ (၃) နာရီလောက် ဆေးရုံရောက်လာတာပေါ့၊  အနံ့ပျောက်တဲ့လက္ခဏာ ရှိလို့ ဆေးစစ်ခဲ့တာ ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့တာပါ"ဟု ဒေါက်တာ ကျော်မျိုးထွန်းက ပြောသည်။

အဆိုပါ အမျိုးသမီးသည် လုံးခင်းကျေးရွာအုပ်စု၊ ငြိမ်းချမ်းသာယာကျေးရွာတွင် နေထိုင်ကြောင်း သိရပြီး၊ ယခုအခါ လုံးခင်းတိုက်နယ်ဆေးရုံရှိ သံဃာဆောင်တွင် သီးသန့်ထားရှိ ဆေးဝါးကုသ ပေးနေကြောင်း သိရသည်။

လက်ရှိပိုးတွေ့ အမျိုးသမီးနေထိုင်ရာ ငြိမ်းချမ်းသာယာရှိနေအိမ်ကို Lock Down ပြုလုပ်ထား ကြောင်း သိရသည်။ ဖားကန့်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုမရှိခဲ့သည့် ရက်ပေါင်း(၂၀) ကျော်အကြာမှ ယခုပိုး တွေ့လူနာအား ထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်သည်။

ဖားကန့်မြို့နယ်သည် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့ပွားမှု ယနေ့အထိ(၉၃)ဦးထိရှိခဲ့ပြီး လက်ရှိ ပိုးတွေ့ အမျိုးသမီးမှ လွဲ၍  ကျန်(၉၂)ဦးမှာ ဆေးရုံမှဆင်းခွင့်ရခဲ့ပြီဖြစ်သည်။ ဖားကန့်မြို့နယ်ကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ပြီးခဲ့သည့်အောက်တိုဘာလ(၂၁) ရက်နေ့မှစ Stay at Home နေထိုင်ကြရန် အမိန့်ထုတ်ပြန်ထားရှိကြောင်းသိရသည်။

တာလင်းမောင်(ပြန်/ဆက်)