မော်လမြိုင်ကျွန်း နိုဝင်ဘာ ၂၃
လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်တာဆီးရေးဆိုင်ရာ စံသတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ထားသည့် စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များကို ဆိုင်ထိုင်ရောင်းချခွင့် ပြုပေးမည်ဖြစ်ရာ စံသတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ထားမှု ရှိ/မရှိကို တာဝန်ရှိသူများက ယမန်နေ့ နံနက် ၁ဝ နာရီမှ စတင်ကွင်းဆင်း စစ်ဆေးသည်။
ထို့သို့စစ်ဆေးရာတွင် မြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးသက်နိုင်ထွေး ဦးဆောင်သည့်အဖွဲ့ ၃ ဖွဲ့မှ မြို့နယ်အတွင်းရှိ မြို့မဈေး၊ အောင်သာယာဈေး၊ ဗိုလ်ချုပ်ဈေးများနှင့် အိမ်ဆိုင်များများအား မြို့နယ် စည်ပင်သာယာရေးဦးစီးဌာန ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူများပါဝင်သည့် အဖွဲ့တို့သည် မြို့ပေါ်ရှိ စားသောက်ဆိုင်များနှင့် လက်ဖက်ရည် ဆိုင်များကို ကွင်းဆင်းစစ်ဆေးပြီး ဆိုင်ရှင်များနှင့် ဆိုင်တာဝန်ခံများအား စားသောက်ဆိုင်များတွင် ပြင်ဆင်ထားရမည့် အချက်များ၊ စားသောက်ဆိုင်မှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ လိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် အထူးဂရုပြု ဆောင်ရွက်ရမည့် သန့်ရှင်းရေးလုပ်ငန်းများ အစရှိသည့် ဆိုင်များ ပြန်လည်ဖွင့်လှစ်ရာတွင် လိုက်နာရမည့် အချက်များကို ရှင်းလင်းဆွေးနွေးခဲ့ကာ သိရှိကြောင်း လက်မှတ်ရေးထိုးစေခြင်းများ ဆောင်ရွက်ကြကြောင်း သိရသည်။
သီတာအောင်(ပြန်/ဆက်)