ကလိန်အောင်မြို့တွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် ပြပွဲပြိုင်ပွဲများဆောင်ရွက်

ကလိန်အောင် စက်တင်ဘာ ၁၇

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့မွန်းလွဲ (၁) နာရီက သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် ပြပွဲပြိုင်ပွဲများ‌ ပြုလုပ်ခဲ့သည်။

အဆိုပါ ဟောပြောပွဲနှင့်  ပြပွဲပြိုင်ပွဲများတွင် မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်/သံ-၃(ပြ) ဒေါ်ဖြိုးဝင့်စံက သဘာဝဘေးအမျိုးအစားများ၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနည်းလမ်းနှင့် ဆောင်ရန်ရှောင်ရန်များ၊ မုန်တိုင်းဘေး၊ ရေဘေး လေပြင်းဘေး အန္တရာယ်အတွက် ဆုံးရှုံးမှုသက်သာစေရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့်အချက်များ စသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးအကြောင်းအရာများကို  ဟောပြောခဲ့ကြောင်း သိရသည်။

ထို့နောက် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ ဆောင်ရန်/ရှောင်ရန် သတိပြုရမည့် နည်းလမ်းများကို အသိပညာပေး နံရံကပ်စာစောင်များ ပြသခဲ့ရာ ကျောင်းသားကျောင်းသူနှင့် လူငယ်လူရွယ်များကစိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုမှတ်သားခဲ့ကြကြောင်းသိရသည်။

ခင်ခင်လဲ့(ကလိန်အောင်)