ကွန်ဟိန်းမြို့၌ ကိုဗစ်-၁၉ ကာကွယ်တားဆီးရေးဆိုင်ရာ စံသတ်မှတ်ချက်များနှင့် ကိုက်ညီသည့် စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များအား ဆိုင်ထိုင်ရောင်းချခွင့်ပြုနိုင်ရေး ကွင်းဆင်း စစ်ဆေး

ကွန်ဟိန်း နိုဝင်ဘာ ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့၌ ကိုဗစ်-၁၉ ကာကွယ်တားဆီးရေး စံသတ်မှတ်ချက်များနှင့် ကိုက်ညီသည့် စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များအား ဆိုင်ထိုင်ရောင်းချခွင့်ပြုနိုင်ရေး ကွင်းဆင်းစစ်ဆေးခြင်းအား ယမန်နေ့နံနက် (၁၀:၀၀)နာရီအချိန်ခန့် က စတင်၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် ကွန်ဟိန်းမြို့ပေါ်ရှိ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ၊ ငါးကန်များအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဆိုင်ရှင်များနှင့် ဆိုင်တာဝန်ခံများအား စားသောက်ဆိုင်များတွင် ပြင်ဆင်ထားရမည့်အချက်များ၊ လိုက်နာဆောင်ရွက်မည့်အချက်များ၊ အထူးဂရုပြုဆောင်ရွက်ထားရမည့် အချက်များအား အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ ကွန်ဟိန်းမြို့ပေါ်ရှိ စားသောက်ဆိုင်များအား ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမြင့်မားနေသည့် ကာလအတွင်း ပါဆယ်စနစ်ဖြင့်သာ ရောင်းချခွင့်ပြုခဲ့ရာ ယခုအခါ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် တားဆီးရေး စံသတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ထားသည့် ဆိုင်များအား ဒီဇင်ဘာလတွင် ဆိုင်ထိုင်စနစ်ဖြင့် ပြန်လည်ရောင်းချခွင့်ပြုသွားမည် ဖြစ်ပါသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးခြင်းအား မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသရေးကော်မတီ ဥက္ကဋ္ဌ၏ ကြီးကြပ်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးကျော်မင်းထွန်း၊ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)