“ASEAN CARE” အစီအစဉ်ဖြင့် တောင်ကြီးမြို့တွင် ကိုဗစ်-၁၉ ရောဂါကြောင့် ထိခိုက်ခံရလွယ်သူများနှင့် အကူအညီလိုအပ်နေသူများအတွက် အခြေခံစားသောက်ကုန်များ ထောက်ပံ့

တောင်ကြီး  နိုဝင်ဘာ  ၂၃

“ASEAN CARE” အစီအစဉ်ဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် တောင်ကြီး၊ ကလော၊ ရွာငံ၊ ရပ်စောက်၊ မိုင်းပွန်စသည့်မြို့နယ်များမှ ရပ်ကွက်များနှင့်ကျေးရွာများရှိ အခြေခံလူတန်းစားများအား ထောက်ပံ့ဆောင်ရွက်ခြင်းကို ရှမ်းပြည်နယ်(တောင်ပိုင်း) ရင်ခွင်မဲ့ကလေးငယ်များလျော့ချရေး အသင်း အတွင်းရေးမှူး ဒေါ်ရီသိန်း ဦးဆောင်သော အဖွဲ့သည် ယမန်နေ့နံနက် (၉)နာရီအချိန် က တောင်ကြီးမြို့၊ ချမ်းမြသာစည်နှင့် ရွှေတောင်ရပ်ကွက်များရှိ အခြေခံလူတန်းစားများအား ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်အပြင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ဆေး၊ လက်ဆေးဆပ်ပြာရည်၊ လက်သန့်ဆေးရည်များကို (၂)ရပ်ကွက်ပေါင်း အိမ်ထောင်စု (၃၆)စုတို့ကို အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

Community Chest of Korea, United Way Worldwide and ASEAN Foundation အဖွဲ့တို့၏ ထောက်ပံ့မှုဖြင့် နမ့်ခုံးအင်စတီကျူ့နှင့် မိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် Nam Khone Alumni Network, Multi-Ethnic Women Organization, Catholic Youth Network, Holding Hand from Cherry Land and Local Authority အဖွဲ့တို့ပူးပေါင်းပြီး ကိုဗစ်-၁၉ ရောဂါကြောင့် ထိခိုက် ခံရလွယ်သူများနှင့် အကူအညီလိုအပ်နေသူများအတွက် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးသော စီမံကိန်း “ASEAN CARE” ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“ASEAN CARE” သည် မြန်မာ၊ မလေးရှားနှင့် ထိုင်းနိုင်ငံရှိအားနည်းချက်ရှိသော လူများ၊ ကလေး သူငယ်ရှိသော မိသားစုများ၊ မသန်စွမ်းသူများ၊ အမျိုးသမီးများဦးဆောင်သော အိမ်ထောင်စုများ၊ သက်ကြီးရွယ်အိုများနှင့် ကိုယ်ဝန်ဆောင်သည်များအား အခြေခံစားသောက်ကုန်နှင့် ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများအား ထောက်ပံ့ရန်ရည်ရွယ်ထားပြီး Community Chest of Korea မှ စုစုပေါင်း အမေရိကန်ဒေါ်လာ (၂၅၀၀၀) ကို မြန်မာနိုင်ငံတွင်ဆင်းရဲနွမ်းပါးသော လူဦးရေ (၁၅၀၀)ကျော်အား ထောက်ပံ့ရန်ကတိပြုခဲ့ကြောင်း သိရသည်။

 

မောင်မောင်သန်း(တောင်ကြီး)