လားရှိုး နိုဝင်ဘာ ၂၃
လားရှိုးမြို့ ပညာရေးဒီဂရီကောလိပ် CBFQ, Home Quarantine, Hotel Quarantine ထားရှိသူ (၁၅၈)ဦးတို့အား နိုဝင်ဘာ(၂၀)ရက်နေ့ က မိုးကုတ်ဝိပဿနာ၌ ကိုဗစ်- ၁၉ ရောဂါပိုး ရှိ၊မရှိအား မြို့နယ်ကျန်းမာရေးဦးစီးဌာန က နှာခေါင်းနှင့်အာခေါင်တို့ဖတ်များ ယူခဲ့ပြီးနောက် ကမ္ဘောဇနာရေးလူမှုကူညီရေးအသင်းမော်တော်ယာဉ်ဖြင့် မူဆယ်မြို့နယ် ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာနသို့ ပို့ဆောင်စစ်ဆေးခဲ့ရာ နိုဝင်ဘာ(၂၁)ရက်နေ့အထိ (၅၀)ဦး၏ စစ်ဆေးချက်အဖြေများရရှိခဲ့ပြီး ကိုဗစ်-၁၉ ပေါ့စတစ်လူနာ (၁)ဦးတွေ့ရှိခဲ့ရကြောင်း သိရသည်။
ကျန်ရှိနေသေးသော စစ်ဆေးချက်ဓါတ်ခွဲနမူနာများ၏ စစ်ဆေးချက်များအား ယမန်နေ့ ညနေ(၅)နာရီခွဲအချိန် က မူဆယ်မြို့နယ် ပြည်သူ့ကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန၏ ဓါတ်ခွဲနမူနာ ပြန်ကြားချက်များအရ လားရှိုးမြို့မှ ကိုဗစ်-၁၉ ရောဂါ ပေါ့စတစ်(၁)ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ပေါ့စတစ်ဖြစ်သောအမျိုးသားသည် လားရှိုးမြို့နေသူ တစ်ဦးဖြစ်ပြီး ရန်ကုန်မြို့မှ နိုဝင်ဘာ (၁၇)ရက်နေ့က ပြန်လာခဲ့သူတစ်ဦးဖြစ်ကာ ရောက်ရှိလာသည့်နေ့မှစ၍ ပညာရေးဒီဂရီကောလိပ် CBFQ ဝင်ရောက်နေသူဖြစ်သည်။ ပေါ့စတစ်ဖြစ်သူအမျိုးသားသည် လားရှိုးမြို့ရပ်ကွက် (၉)နယ်မြေ(၆)၌ နေထိုင်သူဖြစ်ကြောင်း သိရှိရပြီး ထိုသူအား လားရှိုးမြို့ ပြည်သူ့ဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင် (၂)၌ ပညာရေးဒီဂရီကောလိပ်စင်တာမှ ပို့ဆောင်ထားရှိပြီးဖြစ်ကြောင်း ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ်ထိန်းချုပ်ကုသရေး မြို့နယ်အဆင့် ကော်မတီဥက္ကဋ္ဌ ဦးအာကာလင်း ထံက သိရသည်။
ဟန်ဌေး(လားရှိုး)