တနင်္သာရီ နိုဝင်ဘာ ၂၃
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှ ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပျံ့နှံမှုကာကွယ် ထိန်းချုပ်ရေးအတွက် ဒေသခံ ပြည်သူများမှ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာရမည့် ကာကွယ်ရေး နည်းလမ်းများကို ယနေ့ နံနက်ပိုင်းက လူစည်ကား ရာဈေးများ၊ လူအသွားအလာများသော နေရာများတွင် Hand Speaker စက်ဖြင့် လှုံ့ဆော်ပေးလျက်ရှိသည်။
ထိုသို့ အသိပေးဆောင်ရွက်ရာ၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေးဦးစီး ဌာနမှ ဆရာမများ၊ ဝန်ထမ်းများနှင့် မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့မှ ဒုတပ်ခွဲမှူး အောင်ကျော်ကျော်နှင့် တပ်ဖွဲ့ဝင်များပူးပေါင်း၍ ကိုဗစ် - ၁၉ ရောဂါသည် ချောင်းဆိုးခြင်း၊ နာချေခြင်း၊ စကားပြောခြင်း၊ အသက်ရှူခြင်းတို့မှ ထွက်လာသော အစက်အမှုန်များ အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကိုယ်ခန္ဓာအတွင်းသို့ ကူးစက်ဝင်ရောက်ခြင်းဖြစ်ကြောင်း၊ မည်သူ့ထံတွင် ကိုဗစ် - ၁၉ ရောဂါပိုးရှိသည်ကို အလွယ်တကူ မသိနိုင်ကြောင်း၊ ပိုးတွေ့လူနာများ၏ (၆၅%) ခန့်တွင် မည်သည့်လက္ခဏာမျှ မတွေ့ရှိရ ကြောင်း၊ သို့ဖြစ်၍ မိမိကိုယ်တိုင်နှင့် အခြားသူများ ရောဂါ မကူးစက်နိုင်ရေးအတွက် မဖြစ်မနေ နေအိမ်မှအပြင်သို့ထွက်တိုင်း နှာခေါင်းစည်း မပျက်မကွက် စနစ်တကျတပ်ဆင်ကြရန်၊ လူအများအပြားနှင့် နီးကပ်စွာ ပြောဆိုလုပ်ကိုင်ကြရသူများ အထူးသဖြင့် ဈေးရောင်းသူများ နှာခေါင်းစည်း နှင့် Face Shield ကို တပ်ဆင်အသုံးပြုပါက ပိုမိုကာကွယ်နိုင်မည်ဖြစ်ပြီး၊ ဖြစ်နိုင်ပါက နေ့တိုင်းဈေးဝယ်မထွက်ဘဲ (၂) ရက်တစ်ခါ၊ (၃) ရက် တစ်ခါသာ ဈေးဝယ်ထွက်ကြပါရန်နှင့် ရုတ်တရက် အနံ့အရသာမရခြင်း၊ ပျောက်ဆုံးခြင်း လက္ခဏာဖြစ်ပါက နီးစပ်ရာ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ကျန်းမာရေးဌာန ဝန်ထမ်းများအား အသိပေးအကြောင်းကြားကြပါရန် စသဖြင့်လက်ကိုင် အသံချဲ့စက်ဖြင့် အသိပေးလှုံ့ဆော်ပေး ကြခြင်းဖြစ်ကြောင်း သိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)