မန္တလေး နိုဝင်ဘာ ၂၃
တန်ဆောင်တိုင်ပွဲတော်ရာသီအချိန်မီ မန်းမြန်မာပလာဇာမှ ကုန်ပစ္စည်းများကို ယနေ့နံနက် ၈ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ထုတ်ယူခွင့်ပြုပြီး ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း မန်းမြန်မာ ပလာဇာဈေးအကျိုးတော်ဆောင်အဖွဲ့မှ သိရသည်။
“ဈေးသူဈေးသားတွေက ကုန်ပစ္စည်းတွေထုတ်ချင်တယ်လို့ တောင်းဆိုလာတဲ့အတွက် ဈေးအကျိုးတော်ဆောင်အဖွဲ့က အထက်အဆင့်ဆင့်စာတင်ပြီး ခွင့်ပြုချက်ရယူပြီး ထုတ်ယူခွင့် ပေးခြင်းဖြစ်ပါတယ်၊ ကိုဗစ် ဒုတိယလှိုင်းအတွင်းမှာ ဒုတိယအကြိမ် ထုတ်ယူခွင့်ပြုပေးခြင်း ဖြစ်ပြီး ဆောင်းရာသီ လည်း ဝင်ခါနီးပြီဆိုတော့ ဆောင်းဝတ် အဝတ်အထည်နှင့် အထည်အလိပ်တွေ အိမ်မှာရောင်းကြတော့ ဈေးသူဈေးသားတွေလည်း အဆင်ပြေ သွားတာပေါ့၊ ပလာဇာတစ်ခုလုံးကို အကုန်လုံးဖွင့်ပေးတာမျိုး မဟုတ်ဘဲ၊ မြေညီထပ်၊ မြေအောက်ထပ်နဲ့ ပထမထပ်တွေကို တစ်ရက်စီဖွင့်ပေးပြီး ပစ္စည်းတွေ ထုတ်ယူခွင့်ပြုပေးသွားမှာပါ၊ မြေညီထပ်မှာ အထည်အလိပ်၊ အဝတ်အထည် ဆိုင်ခန်းတွေများတယ်၊ မြေအောက်ထပ်မှာလည်း အဝတ် အထည်များတယ်၊ ပထမထပ်မှာလည်း အဝတ်အထည် ကလေးကစား ပစ္စည်းတို့ ဖန်စီပစ္စည်း၊ ရတနာပစ္စည်း ဆိုင်ခန်းအနည်းအကျဉ်းရှိပါတယ်” ဟု မန်းမြန်မာပလာဇာဈေး အကျိုးတော်ဆောင်အဖွဲ့ တွဲဖက်အတွင်းရေးမှူး ဦးတင့်ဇော်မောင် ကပြောသည်။
ထိုသို့ထုတ်ယူခွင့်ပြုရာတွင် ယနေ့တွင် မြေညီထပ်ကို ထုတ်ယူခွင့်ပြုခဲ့ပြီး နိုဝင်ဘာ ၂၄ ရက်တွင် မြေအောက်ထပ်ကိုလည်းကောင်း၊ နိုဝင်ဘာ ၂၅ ရက်တွင် ပထမထပ်ကိုလည်းကောင်း ခွင့်ပြုထုတ်ယူခွင့်ပေးသွားမည်ဖြစ်ကြောင်း၊ ဈေးဆိုင်ခန်းများမှ ပစ္စည်းများထုတ်ယူရာတွင် အဆင်ပြေ လွယ်ကူစွာ ထုတ်ယူနိုင်ရန် အရှေ့ဘက် ၈၄ လမ်းဘက်ခြမ်း၊ အနောက်ဘက် ၈၅ လမ်းဘက်ခြမ်း နှင့် မြောက်ဘက် ၂၇ လမ်းဘက်ခြမ်းရှိ ပလာဇာ၏ အလယ်ပေါက်များမှ ထုတ်ယူနိုင်ရန် ဖွင့်ထား ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
“ထုတ်တဲ့အခါမှာလည်း ကိုဗစ်နဲ့ပတ်သက်ပြီး ကျန်းမာရေးက ထုတ်ပြန်ထားတဲ့ စည်းကမ်းနဲ့ အညီ ထုတ်ပေးသွားမှာပါ၊ ထုတ်တဲ့အခါမှာလည်း မနက် ၈ နာရီကနေ ၁၂ နာရီအထိ ခွင့်ပြု ထားတယ်၊ ဆိုင်ခန်းရှင် တစ်ဦးနဲ့ ပစ္စည်းသယ်မယ့်ဝန်ထမ်းနှစ်ဦးကို ဝင်ခွင့်ပြုတယ်၊ Mask တွေ သေချာတပ်ထားဖို့လည်း ဆော်သြထားပါတယ်၊ ထုတ်သွားတဲ့သူတွေရဲ့ အမည်တွေကိုလည်း ကောက်ထားမှာပါ၊ ဈေးထဲရှိ မိမိရောင်း ချတဲ့ပစ္စည်းကိုမဆို ကိုယ်နဲ့ သက်ဆိုင်ရာ ကိုယ့်ပစ္စည်း ကို အကုန်ထုတ်ခွင့်ပြုပေးထားပါတယ်၊ မြေညီထပ်မှာ ဆိုင်ခန်းပေါင်း ၈၅၀ ခန့်ထဲက အခန်း ၁၅၀လောက်က ပစ္စည်းထုတ်ဖို့ စာတင်ထားပါတယ်၊ လောလောဆယ်စာရင်းတော့ရှိပါတယ်၊ ဘယ်သူမဆို ဆိုင်ရှင်က မိမိရဲ့ဆိုင်နာမည်နဲ့ဖုန်းဆက်ပြီး အကြောင်းကြားလာလို့ထုတ်ရင်လည်း ခွင့်ပြုပေးထားပါတယ်”ဟု ဆက်လက်ပြောသည်။
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန်အတွက် ယာယီပိတ်ထားခဲ့ရသည့် မန္တလေးမြို့ တော်စည်ပင်သာယာ နယ်နိတ်မိတ်အတွင်း အလုံပိတ်ရုံများထဲတွင်ရှိသည့် ဈေးများ ကို တန်ဆောင်တိုင်ပွဲတော် ရာသီအချိန်တွင် နေအိမ်များ၌ ရောင်းချနိုင်ရန် ဈေးရုံအတွင်းမှ ပစ္စည်းများကို ထုတ်ယူခွင့်ပြုပေးလျက်ရှိကြောင်း၊ ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားချိန်တွင် မန်းမြန်မာပလာဇာအတွင်းရှိ ဈေးဆိုင်ခန်းများမှ ကုန်ပစ္စည်းများ ထုတ်ယူခြင်းကို ကိုဗစ် -၁၉ ရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ အောက်တိုဘာ၂၃ရက်က ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
ထိပ်ထားနိုင်