မူဆယ် နိုဝင်ဘာ ၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ် စည်ပင်သာယာနယ်နိမိတ်အတွင်း ဖွင့်လှစ်ရောင်း ချလျှက်ရှိသော စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များထဲမှ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ ရောင်းချခြင်း ရှိ/မရှိကို ယမန်နေ့နံနက် (၉)နာရီအချိန် က စတင်ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး သတ်မှတ်ချက်များနှင့်အညီ ရောင်းချနေသော စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များကို Take away (ပါဆယ်)စနစ် ရောင်းချခြင်းမှ ဆိုင်ထိုင်ရောင်းချခွင့် ပြုသွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းသို့စစ်ဆေးရာ၌ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ၏ ဆိုင်ပိုင်ရှင်နှင့် ဆိုင်တာ ဝန်ခံများကိုတွေ့ဆုံပြီး ဆိုင်တာဝန်ခံများနှင့် ဝန်ထမ်းများလိုက်နာဆောင်ရွက်ရမည့် အချက်များ၊ စားသောက်ဆိုင်အတွင်း ခင်းကျင်းပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့် ဆိုင်ထိုင်ရောင်းရာ၌ အထူးအလေးထားပြီး ဆောင်ရွက်ရမည့် လိုက်နာရမည့် ကျန်းမာရေးဆိုင်ရာအချက်များကို ရှင်းလင်းဆွေးနွေးမှာကြားပြီး သိရှိလိုက်နာဆောင်ရွက်သွားမည်ဖြစ်ကြောင်း လက်မှတ်ရေးထိုးစေ ခြင်းများ ဆောင်ရွက်သည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးကျော်မိုးထွန်းနှင့် ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ကျန်းမာရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ လိုက်ပါဆောင်ရွက်ခဲ့ကြသည်။
မူဆယ်မြို့နယ် စည်ပင်သာယာရေးနယ်နမိတ်အတွင်းရှိ ဖွင့်လှစ်ရောင်းချနေသော စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များကို စက်တင်ဘာလ(၂၅)ရက်နေ့မှစ၍ ဆိုင်ထိုင်ရောင်းချ ခွင့်မပြုတော့ဘဲ (ပါဆယ်)စနစ်ဖြင့်သာ ရောင်းချစေခဲ့ရာမှ ယခုအခါ ဆိုင်ထိုင်ရောင်းချခွင့်ပြုနိုင်ရေး အတွက် ယခုလိုကွင်းဆင်းစစ်ဆေးခြင်း ဖြစ်သည်။
မူဆယ်မြို့ရှိ ဈေးဆိုင်များအား လိုက်လံကွင်းဆင်းစစ်ဆေးချက်များကို စာရင်းပြုစုကာ ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနသို့တင်ပြပြီး ခွင့်ပြုချက်ရရှိပါက ဆိုင်များတွင် ဆိုင်ထိုင်စနစ် ပြန်လည်ရောင်းချခွင့်ပြုသွားမည်ဖြစ်ကြောင်းကိုလည်း မြို့နယ်စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှလည်း သိရသည်။
စန္ဒာ(ပြန်/ဆက်)