နမ့်ခမ်း နိုဝင်ဘာ ၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုရေးလုပ်ငန်းကော်မတီမှ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းနှင့် လူမှုကူညီရေးပရဟိတအဖွဲ့တို့ ပူးပေါင်း၍ အသိပညာပေးနှိုးဆော်ခြင်းနှင့် နှာခေါင်းစည်းကမ့်ပိန်းပြုလုပ်ခြင်းကို ယနေ့ နံနက်ပိုင်း က နမ့်ခမ်းမြို့၊ နေရာ(၃)နေရာ၌ ပြုလုပ်ဆောင်ရွက်သည်။
အဆိုပါ အသိပညာပေးနှိုးဆော်ခြင်းနှင့် နှာခေါင်းစည်းကမ့်ပိန်းပြုလုပ်ခြင်းကို လူစည်ကားရာ နေရာများဖြစ်သည့် နမ့်ခမ်းမြို့ပေါ်ရှိ အမှတ်(၁)စည်ပင်သာယာဈေး၊ အမှတ်(၂) အောင်မေတ္တာဈေးနှင့် ပြည်ထောင်စုလမ်းမတို့တွင် နံနက်(၈)နာရီခွဲ အချိန်ခန့်က တစ်ချိန်တည်း ပြုလုပ်ခဲ့သည်။ နမ့်ခမ်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းကော်မတီ အဖွဲ့ဝင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းနိုင် က " မြိုပေါ်မှာ အသိပညာပေးခြင်း၊ mask မတပ်ဆင်ဘဲ သွားလာသူများအား အခုဝယ်/အခုတပ်စနစ်ဖြင့် ကြီးကြပ်လုပ်ဆောင်ခြင်း၊ mask များ အခမဲ့ပေးဝေခြင်းတို့ကြောင့် ပြည်သူများ mask တပ်ဆင်ပြီးမှ နေအိမ်ပြင်ပသို့ သွားလာနေကြသည်ကို တွေ့မြင်ရကြောင်း၊ လိုအပ်ချက်တစ်ခုမှာ mask ကို ပါးစပ်၊ နှာခေါင်းတို့မှာ လုံခြုံအောင် စနစ်တကျ မတပ်ဆင်ဘဲ သွားလာနေတဲ့ ပြည်သူတစ်ချို့ကို တွေ့မြင်ရကြောင်း "ဟု ပြောပြသည်။
နမ့်ခမ်းမြို့နယ်၊ စက်ဘီးစီးလူမှုကူညီရေး ပရဟိတအဖွဲ့မှ အဖွဲ့တာဝန်ခံက "ယနေ့မှာ နှာခေါင်းစည်း စုစုပေါင်း(၁၀၀၀)ခုခန့် ပေးဝေနိုင်ပါတယ်၊ အရင်ကဆိုရင် နှာခေါင်းစည်း(၃၅၀၀)ခု ကုန်အောင် ဖြန့်ဝေခဲ့ဖူးတယ်၊ ဒီအခြေအနေကို သုံးသပ်ကြည့်မယ်ဆိုရင် ပြည်သူများက ရောဂါအကြောင်းသိရှိပြီးတော့ နှာခေါင်းစည်းတပ်ဆင်အသုံးပြုမှု များပြားလာတာကို တွေ့မြင်ရပါတယ်။ " ဟု မက်ကမ့်ပိန်း လုပ်ဆောင်ခဲ့မှုအပေါ် သုံ့သပ်ပြောပြသည်။
နမ့်ခမ်းမြို့နယ်၌ အခြားဒေသမှ ပြန်သူတစ်ဦးထံက ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိပြီး ၎င်းနှင့်ထိတွေ့သူများကို အသွားအလာကန့်သတ်၍ ရောဂါပိုး ရှိ/မရှိ စစ်ဆေးခဲ့ရာ ရောပိုးတွေ့ရှိသူ (၂)ဦး ထပ်မံတွေ့ရှိခဲ့သည်။ ရောဂါပိုးတွေ့ရှိသူ (၃)ဦးတို့အား ကုတင်(၁၀၀)ဆန့် ပြည်သူ့ဆေးရုံ၌ သီးသန့်ထားရှိ၍ ဆေးကုသမှုခံယူခဲ့ရာ ပြင်းထန်သည့် ရောဂါလက္ခဏာ မရှိဘဲ ရောဂါပျောက်ကင်းပြီး နေအိမ်၌ (၁၄)ရက် အသွားအလာကန့်သတ် နေထိုင်ခြင်း ဆောင်ရွက်ခဲ့သည်။ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းကော်မတီမှ မြို့နယ်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းများ၊ လူမှုကူညီရေးပရဟိတအဖွဲ့တို့နှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မပျက် ပူးပေါင်းဆောင်ရွက်ခဲ့မှုကြောင့် နမ့်ခမ်းမြို့နယ်တွင် ကိုဗစ် -၁၉ ရောဂါပိုး တွေ့ရှိလူနာ ထပ်တိုးလာခြင်း၊ နောက်ထပ် ကူးစက်ပြန့်ပွားခြင်း မရှိတော့ဘဲ ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။
ဆိုင်ထွန်း(ပြန်/ဆက်)