နမ့်ခမ်း နိုဝင်ဘာ ၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ခမ်းမြို့၊ မျိုးဆက်သစ်ကလေးသူငယ်များက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ "Physical Fitness Dance" ပြိုင်ပွဲခေါင်းစဉ်ဖြင့် (၁၀.၁၀.၂၀၂၀)ရက်နေ့မှ (၁၅.၂.၂၀၂၁)ရက်နေ့အထိ စီစဉ်ကျင်းပသည့် (Challenge)ပြိုင်ပွဲကို ကြိုးစားလေ့ကျင့် ယှဉ်ပြိုင်လျှက်ရှိသည်။
အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသော (Stay at Home) ကာလ၌ နိုင်ငံသား/သူအားလုံး ကျန်းမာကြံ့ခိုင်မှုရရှိစေရန်၊ ခန္ဓာကိုယ် ခုခံအားစနစ် တိုးတက်ကောင်းမွန်စေရန်၊ ကိုဗစ်-၁၉ ရောဂါအား ကာကွယ်ထိန်းချုပ်နိုင်ရန် ရည်ရွယ်၍ တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် လှုပ်လှုပ်ရှားရှားလူထုအားကစား “Physical Fitness Dance” ပြိုင်ပွဲခေါင်းစဉ်ဖြင့် (Challenge) ပြိုင်ပွဲများ ကျင်းပလျှက်ရှိသည်။ အဆိုပါ ပြိုင်ပွဲတွင် ပွဲစဉ်(၉)ခု ပါရှိသည့်အနက် ပွဲစဉ်(၁)မှ ပွဲစဉ်(၈)အထိ ပြိုင်ပွဲများသည် အားကစားနှင့်ကာယပညာဦးစီးဌာနမှ သတ်မှတ်ထားသည့် အသံသီးလုံးနှင့် ကကွက်များဖြင့် ယှဉ်ပြိုင်မည်ဖြစ်ပြီး ပွဲစဉ်(၉) ပြိုင်ပွဲမှာ မိမိကြိုက်နှစ်သက်သည့် အသံသီးလုံးနှင့် ကကွက်များဖြင့် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။
နမ့်ခမ်းမြို့နယ်၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်အား/ကာမှူး ဒေါ်နန်းစုစန္ဒာလွင် က "အကပြိုင်ပွဲသည် လူဦးရေအကန့်အသတ်မရှိ၊ အသက်အရွယ် မရွေး၊ ကျား/မ မရွေး ပါဝင်ယှဉ်ပြိုင်နိုင်ကြောင်း၊ ပြိုင်ပွဲပွဲစဉ်(၁)တွင် နမ့်ခမ်းမြို့နယ်မှ ယှဉ်ပြိုင်သူ (၈၀)ဦးရှိပြီး အကလေ့ကျင့်ရန် နေရာ (၄)နေရာ ဆောင်ရွက်ထားပေးကြောင်း၊ အကပြိုင်ပွဲတွင် ပါဝင်သူတို့က စိတ်ပါဝင်စားသူ၊ ဝါသနာပါသူများဖြစ်ကြသည့်အတွက် ပွဲစဉ်(၁) ယှဉ်ပြိုင်မှုမှာ အားရကျေနပ်ကြောင်း၊ ပြိုင်ပွဲ ပွဲစဉ်(၂)အတွက် လူသစ်များကို စတင်လက်ခံနေကြောင်း၊ ပြိုင်ပွဲတွင် ပါဝင်လိုသူများမှ မြို့နယ်အား/ကာဦးစီးဌာနရုံးသို့ လာရောက် စုံစမ်းမေးမြန်းနိုင်ပြီး ကကွက်များ ကြိုတင်လေ့ကျင့်နိုင်ပါကြောင်း" ဟု အကပြိုင်ပွဲများအတွက် ဆောင်ရွက်ချက်များ ရှင်းလင်းပြောပြသည်။
အဆိုပါ လှုပ်လှုပ်ရှားရှားလူထုအားကစား အစီအစဉ် “Physical Fitness Dance" အကယှဉ်ပြိုင်သည့် Challenge ပြိုင်ပွဲတွင် အချိန်(၃)မိနစ်ခန့် ကြာမြင့်သော ဗွီဒီယိုဖိုင်ကို မြို့နယ်အား/ကာဦးစီးဌာနမှ တာဝန်ရှိသူထံ အွန်လိုင်းမီဒီယာဖြင့် ပေးပို့ကာ အလွယ်တကူ ပါဝင်ယှဉ်ပြိုင်နိုင်ကြောင်း သိရသည်။
ဆိုင်ထွန်း(ပြန်/ဆက်)