နမ့်ဆန် နိုဝင်ဘာ ၂၃
ရှမ်းပြည်နယ် လောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ နိုဝင်ဘာ(၂၁)ရက်နေ့ နောင်ချိုစစ်ဆေးရေးဂိတ်တွင် ကားဆရာတစ်ဦးထံမှ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိပြီးနောက် ၎င်းနှင့်ထိတွေ့ထားသူ (၁၃)ဦးကို နတလကျောင်းမှာထားရှိရာ ယမန်နေ့ညနေ မြို့နယ်ကျန်းမာရေးဦးစီးဌာနက အဆိုပါ(၁၃)ဦးကို Test Kit နဲ့စစ်ဆေးကြည့်ရာ ၎င်းတို့အထဲက အမျိုးသမီးတစ်ဦးထံမှာ ကိုဗစ်-၁၉ ပိုး ထပ်မံတွေ့ရှိထားသဖြင့် နမ့်ဆန်မြို့နယ်မှာ ရောဂါပိုးတွေ့ရှိသူ (၂)ဦးရှိပြီဖြစ်ကြောင်း သိရသည်။
ယခုတွင် အဆိုပါ ကိုဗစ်-၁၉ ပိုးတွေ့ရှိထားသည့် အမျိုးသမီး(၁)ဦးကို မြို့နယ်ပြည်သူ့ဆေးရုံ သီးသန့်ကျန်းမာရေးကုသဆောင်တွင်ပို့ဆောင်၍ ဆေးကုသထားပြီး ၎င်းနှင့် ထိတွေ့ထားသူများ စုစုပေါင်း(၂၁)ဦးခန့်ကိုလည်း အမက(၄)ကျောင်း၊ အမက (၆)ကျောင်း၊ အထက(၁)ကျောင်းနှင့် နတလကျောင်းတို့တွင် အသီးသီးပို့ဆောင်ထားကာ ကျန်းမာရေး စောင့်ကြပ်ကြည့်ရှုခြင်းကို ဆောင်ရွက်ထားကြောင်း သိရသည်။ ထို့ပြင် ယခင်နေ့က ပိုးတွေ့လူနာ(ကားဆရာ)နှင့် ထိတွေ့ထားသူ(၁၆)ဦး ကိုလည်း ကျန်းမာရေးစောင့်ကြပ်ကြည့်ရှုရေး စခန်းတွင် ပို့ဆောင်ထားရာ လိုအပ်သည့် နှာခေါင်းတို့ဖတ်များယူပြီး ဓါတ်ခွဲစစ်ဆေးမှုများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ပိုးတွေ့လူနာနှင့် ထိတွေ့ထားသူများကို Quarantine Centre တွင် ထားရှိရာတွင် ၎င်းတို့အတွက် စားသောက်နေထိုင်မှုအဆင်ပြေစေရန် ဒေသဦးစီးအဖွဲ့၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌနှင့် လူမှုကူညီရေးအသင်းအဖွဲ့တို့က ပံ့ပိုးကူညီဆောင်ရွက်မှုများ လုပ်ဆောင်ပေးလျှက်ရှိကြောင်း သိရသည်။
ကိုအောင်မိုး (ရွှေဖီမြေ)