ရပ်စောက် နိုဝင်ဘာ ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ထိရောက်စွာ ထိန်းချူပ်နိုင်ရန်အတွက် ဆိုင်ထိုင်စားသောက်ခြင်း မဟုတ်ဘဲ (Take away) ပါဆယ် စနစ်ဖြင့်သာ ရောင်းချသွားရန် ညွှန်ကြားချက် ထုတ်ပြန်ထားရာမှ ယခုအခါတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး သတ်မှတ်ချက်နှင့်အညီ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ယမန်နေ့မွန်းလွှဲ ၃ နာရီက တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စည်ပင်သာယာရေးအမှုဆောင်အရာရှိ ဦးမျိုးမြင့်အောင်နှင့် ဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းတို့မှ ပူးပေါင်း၍ စားသောက်ဆိုင်များနှင့် လက်ဘက်ရည်ဆိုင်များ ပြန်လည်ဖွင့်လှစ်ရာတွင် ပြင်ဆင်ထားရှိရမည့် အချက်များ၊ လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ စားသောက်ဆိုင်ပိုင်ရှင်နှင့် စားသုံးသူများက ဂရုပြုလိုက်နာဆောင်ရွက်ရမည့် အချက်များ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများကို စစ်ဆေးခဲ့ကြောင်း သိရသည်။
ရပ်စောက်မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ၊ လက်ဘက်ရည်ဆိုင်များ အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ ကိုက်ညီပြီး (A)အဆင့် သတ်မှတ်ခြင်း ခံရသည့် စားသောက်ဆိုင်၊ လက်ဘက်ရည်ဆိုင်များကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလကုန်တွင် ပြန်လည်ဖွင့်လှစ်ခွင့်ပြုသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူထံမှ သိရသည်။
စိုင်းမြတ်ကျော်စိုး(ပြန်/ဆက်)