မန္တလေး ၆ မြို့နယ်အတွင်းရှိ Quarantine Center များမှ ထွက်ရှိသော စွန့်ပစ်အမှိုက် တစ်နေ့လျှင် ပျမ်းမျှ ၈ တန် အထိရှိလာ

မန္တလေး၊ နိုဝင်ဘာ ၂၃

ကိုဗစ်-၁၉ရောဂါ ကူးစက်ဖြစ်ပွားမှုများလာသည်နှင့်အမျှ မန္တလေးမြို့ ၆ မြို့နယ်အတွင်း Quarantine Centerများကိုလည်း တိုးချဲ့ထားရှိလာသည့် အတွက် စင်တာများမှ ထွက်ရှိသည့်စွန့်ပစ်အမှိုက် တစ်နေ့လျှင် ပျမ်းမျှ ၈တန်ရှိလာသည့်အတွက် BIOHAZARD သီးသန့်ယာဉ် ထပ်မံဖြည့်ဆည်း ထားကာ နံနက် ၆နာရီခွဲမှ စတင်လှည့်လည် သိမ်းဆည်း၍ တောင်အင်းမြောက်အင်းရှိ သီးသန့်မီးရှို့စက်တွင် မီးရှို့ဆောင်ရွက်ပေးလျက်ရှိကြောင်း BIOHAZARD Waste သိမ်းဆည်းခြင်းကို ၆ မြို့နယ်ကြီးကြပ် ဆောင် ရွက်နေသူ၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ သန့်ရှင်းရေးဌာနမှဌာနစုမှူး ဦးဇေယျာငြိမ်းထံမှ သိရသည်။

 “အစကအမှိုက် လေးငါးတန်ချိန်ဝန်းကျင်လောက်ထွက်တာ၊ အခုပျှမ်းမျှ ရှစ်တန်လောက်ထိ ထွက်လာတယ်၊ လက်ရှိယာဉ်လေးစီးနဲ့ဆိုတော့ ယာဉ်မောင်းလေးယောက်၊ သိမ်းဆည်း ဝန်ထမ်းရှစ်ဦးနဲ့ Quarantine Center ၂၉ခုကိုသိမ်းပေးနေတယ်။ အရင်က BIOHAZARD သီးသန့်ယာဉ်နှစ်စီးနဲ့ပဲ ဆောင်ရွက်တယ်၊ အခု Quarantine Center တွေ များလာတော့ လိုအပ်လာတဲ့အတွက် ယာဉ်နှစ်စီးထပ်ဖြည့်လိုက်တယ်၊ နှစ်စီးစလုံးလက်ရှိ သုံးနေပါတယ်၊ လက်ရှိ အခြေအနေအထိတော့ သီးသန့်ယာဉ်လေးစီးနဲ့လိုက်လံသိမ်းဆည်းပေးနေပါတယ်။ ”ဟု BIOHAZARD Waste သိမ်းဆည်းခြင်းကို ၆ မြို့နယ်ကြီးကြပ် ဆောင်ရွက်နေသူ၊ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ၊ သန့်ရှင်းရေးဌာနမှဌာနစုမှူး ဦးဇေယျာငြိမ်း က ပြောသည်။

 အဆိုပါစွန့်ပစ်အမှိုက်သိမ်းဆည်းယာဉ်တစ်စီးတွင် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ သန့်ရှင်းရေးဌာနမှ ယာဉ်မောင်းတစ်ဦးနှင့် သိမ်းဆည်း ဝန်ထမ်းနှစ်ဦး လိုက်ပါကြောင်း၊ PPE ဝတ်စုံနှင့် အကာအကွယ်ပစ္စည်းများဝတ်ဆင်၍ နေ့စဉ်စနစ်တကျလိုက်လံသိမ်းဆည်းကာ မီးရှို့ဖျက်ဆီးပေးလျက်ရှိကြောင်း၊ တောင်အင်းမြောက်အင်း မီးရှို့စက်ပိုင်းတာဝန်ယူထား သည့် ဝန်ထမ်းများကိုလည်း ကျန်းမာရေးအကာအကွယ်ဝတ်စုံ များဝတ်ဆင်၍ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

 “လက်ရှိမှာ အရင်သိမ်းနေကြဝန်ထမ်းတွေကအတွေ့အကြုံရှိပြီးသားဆိုတော့ သူတို့က လေးခေါက်စီ သိမ်းပေးနေတယ်၊ နောက်သုံးတဲ့ယာဉ်တွေမှာ ပါတဲ့ဝန်ထမ်းတွေက အတွေ့အကြုံမရှိသေးတော့ ကိုယ်တိုင်လိုက်ပါပြီး Training ပေးတယ်၊ စိတ်ချရပြီဆိုမှ သိမ်းခွင့်ပေးထားတယ်၊ Quarantine Center တွေမှာ 240 Liter အမှိုက်ပုံးတွေချပေးထားတယ်၊ စွန့်ပစ်အမှိုက်တွေကို သူတို့ကပိုးသတ်ဆေးဖြန်းပြီးမှ အပြင်ထုတ်ပေးထားတယ်၊ အဲဒါပုံးတွေကို ပိုးသတ်ဆေးထပ်ဖြန်းပြီး ကားပေါ်တင် သိမ်းတယ်၊ ပုံးတွေကိုပိုးသတ်ဆေး ပြန်ဖြန်း ကြွပ်ကြွပ်အိတ်ပြန်စွပ်ချထားပေးတယ်၊ လက်တွေကို Hand Gel တွေနဲ့ပေးခိုင်းထားတယ်၊ တစ်နေ့တာ အားလုံးပြီးသွားရင် ကားကိုကားဖြန်းတဲ့ဆေးနဲ့ဖြန်းတယ်၊ နောက်ဆုံးအကြိမ် သိမ်းပြီးသွားလို့ သူတို့ဝတ်ထားတဲ့ PPE ဝတ်စုံတွေ မီးရှို့စက်ထဲအကုန်ထည့်မီးရှို့လိုက်တယ်၊ အိမ်ပြန်ရောက်ရင် ခဏနားပြီး ဝတ်ထားတဲ့အဝတ် အစားတွေပုံးထဲထည့် တစ်ခါတည်းလျှော်ပြီးတာနဲ့ ရေချိုးသန့်စင်ပြီးမှ မိသားစုနဲ့ထိတွေ့ခွင့်ပေးရပါတယ်၊ ပင်ပန်း ကြတဲ့သူတွေထဲမှာလည်း ပါပါတယ်”ဟု ဆက်လက် ပြောသည်။

လက်ရှိတွင် ကန်တော်နဒီဆေးရုံ၊ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး၊ ကုတင် ၅၅၀ ဆံ့ကလေး ဆေးရုံကြီး၊ ဇီဝိတဒါနသံဃာ့ဆေးရုံ၊ မန္တလာတက္ကသိုလ် (ယခင်မန္တလာဒီဂရီကောလိပ်)၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး)၊ ကိုဗစ်-၁၉ရောဂါကုသရေးဌာန(မန္တလေး) ဧရာဝတီစင်တာ၊ ဂရိတ်ဝေါ ဟိုတယ်၊ Royal Mingalar Hotel၊ Ayarwaddy River View Hotel၊ Hotel Hazel၊ Eastern Palace Hotel၊ Stay at Home သတ်မှတ်ထားသည့်နေရာများ၊ Quarantine Center ပြုလုပ်ထားသည့် နေရာများ စသဖြင့် မြို့နယ် ၆ မြို့နယ် အတွင်း ရှိ Quarantine Centerများမှ ထွက်ရှိလာသည့် စွန့်ပစ်အမှိုက်များကို BIOHAZARD သီးသန့်ယာဉ်များဖြင့် စနစ်တကျလိုက်လံသိမ်းဆည်းပေးလျက်ရှိသည်။

 ထိပ်ထားနိုင်