မောက်မယ် နိုဝင်ဘာ ၂၃
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားမှုကို ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ Mask များတပ်ဆင်ခြင်း ရှိ/မရှိကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး မြို့နယ်အဆင့် လုပ်ငန်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်သူရ ကဦးဆောင်၍ မြို့နယ်အဆင့်လုပ်ငန်းကော်မတီတွင် ပါဝင်သောအဖွဲ့၀င်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးဌာနမှ ဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက မြို့မစျေးရှေ့နှင့် ယာယီပျံကျစျေးတွင် အဖွဲ့ ၂ ဖွဲ့ခွဲပြီး ယနေ့နံနက် ၆ နာရီ က Mask and Face Shield Campaign ကိုပြုလုပ်ခဲ့သည်။
ထိုသို့ Mask and Face Shield Campaign ပြုလုပ်ရာတွင် မြို့ပေါ်လမ်းမများတွင် သွားလာနေသော ပြည်သူများအား နှာခေါင်းစည်း Mask များ တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေးပြီး Mask (၁၀၀၀)ခုနှင့် Face Shield (၅၀၀)ခုကို အခမဲ့ပေးဝေပြီး Hand Speaker ဖြင့်ပြည်သူများ ကိုရိုနာဗိုင်းရပ်(စ်) ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားမှုကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် လှည့်လည်အသိပေးနှိုးဆော်ခြင်း၊ ပြည်သူလူထုအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအားလျင်မြန်စွာ ဖြတ်တောက်နိုင်ရန်အတွက် ရောဂါဖြစ်ပွားမှုကို ကာကွယ်ရမည့်နည်းလမ်းများနှင့် လိုက်နာရန် စည်းကမ်းချက်များကို အသိပညာပေးပြီး နှာခေါင်းစည်း Mask များနှင့် Face Shield များ အခမဲ့ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်( မောက်မယ်)