ကလောမြို့ပေါ် ရပ်ကွက်နေပြည်သူများအတွက် သောက်သုံးရေများ ပြန်လည်ရရှိ

ကလော      စက်တင်ဘာ   ၂၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများ စီးဆင်းမှုကြောင့်          ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့မှ ၁၂  ရက်နေ့အထိ ရေကြီး ရေလျှံမှုများ ဖြစ်ပွားခဲ့သည်။ အဆိုပါရေကြီးရေလျှံမှုကြောင့် ကလောမြို့နယ်စည်ပင်သာယာရေး ဌာနမှ မြို့သောက်သုံးရေဖြန့်ဝေပေးသော အင်းပြင်ရေထွက်မှ ရေပေးဝေရေးလုပ်ငန်းများ ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်ခဲ့သည်။

အဆိုပါရေထွက်မှ မြို့နေပြည်သူများသို့ သောက်သုံးရေများ ပြန်လည်ဖြန့်ဝေပေးနိုင်ရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနနှင့် ကလော မြို့နယ်စည်ပင်သာယာရေးဌာနတို့မှ အနီးကပ်ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း၊ စက်တင်ဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းမှစ၍ အဆိုပါရေထွက်မှ ကလောမြို့ပေါ်ရပ်ကွက် ၆ ရပ်ကွက်မှအိမ်ခြေ ( ၈၈၃ )လုံး၊ လူဦးရေ ( ၄၄၁၅ )ဦးတို့အတွက် အလှည့်ကျစနစ်ဖြင့် သောက်သုံးရေများ ပြန်လည် ဖြန့်ဝေပေးနိုင်ခဲ့ကြောင်းနှင့် ကျန်ရှိသည့် ရပ်ကွက်များနေပြည်သူများအား သောက်သုံးရေ ပြန်လည်ဖြန့်ဝေပေးနိုင်ရေး အမြန်ဆုံး ဆောင်ရွက်လျက်ရှိကြောင်း ကလောမြို့နယ် စည်ပင်သာယာရေးဌာန တာဝန်ရှိသူထံမှ သိရှိရသည်။

မြို့ပေါ်ရပ်ကွက်များသောက်သုံးရေရရှိရေး ရေပေးဝေနေမှုအား ကလောတပ်နယ်မှူး ၊ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)