ဟိုပုံးမြို့၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့သော ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ဟိုပုံး   နိုဝင်ဘာ ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သော ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအား မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီမှ ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီအချိန် က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့် က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းစဉ်များနှင့် ပြည်တွင်း၊ ပြည်ပပြန်များအား အသွားအလာကန့်သတ်စောင့်ကြည့်နေရာများတွင် စိတ်အားထက်သန်စွာ ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြသည့် စေတနာ့ဝန်ထမ်းများအားလုံး အသိအမှတ်ပြု ဂုဏ်ပြုပါကြောင်း ဂုဏ်ပြုစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှူး ဒေါက်တာ မောင်မောင်သိန်း က စေတနာ့ဝန်ထမ်းများအား အသိပညာပေးလုပ်ငန်းများတွင် စိတ်အားထက်သန်စွာ ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးသည့် အတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှူး ဒေါက်တာမောင်မောင်သိန်းနှင့် ဌာနဆိုင်ရာအကြီးအကဲများက ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့သော ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအား အမှတ်တရလက်ဆောင်ပစ္စည်းများ အသီးအသီးပေးအပ်ခဲ့ပြီး စေတနာ့ဝန်ထမ်းတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

နေမင်းထွန်း(ဟိုပုံး)