ရွှေကူ နိုဝင်ဘာ ၂၃
ကချင်ပြည်နယ်၊ ဗန်မော်ခရိုင်၊ ရွှေကူမြို့ အောက်လေးလမ်းဆုံ စုပေါင်းစစ်ဆေးရေးဂိတ်၌ ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဝန်ထမ်းများက ယမန်နေ့က RDT(Rapid Antigen Diagnostic Test Kit)ဖြင့် ကိုဗစ်−၁၉ရောဂါပိုး ရှိ/မရှိ စစ်ဆေးခဲ့ရာ နံနက် ၉ နာရီခွဲခန့်တွင် မန္တလေး−ဗန်းမော်လမ်းတွင် ပြေးဆွဲလျက်ရှိသော (၁၂)ဘီး ငှက်ပျောတင်ယာဉ်(၂)စီးမှ ဗန်းမော်မြို့ သီရိရပ်ကွက် နေထိုင်သော ယာဉ်မောင်းအမျိုးသား(၁)ဦးနှင့် ဗန်းမော်မြို့ ဖိုးဒေဝကျေးရွာ နေထိုင်သော ယာဉ်နောက်လိုက်(၁)ဦး ထံတွင် ကိုဗစ်−၁၉ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ပြီး ညနေ(၃)နာရီခွဲခန့်တွင် (၁၂)ဘီး ကုန်စုံတင်ယာဉ်မှ အောင်မြေသာဇံမြို့နယ် ညောင်ကွဲရပ် အကွက်အမှတ်(၂)၌ အိမ်ငှား၍ နေထိုင်သော ယာဉ်မောင်း(၁)ဦးထံတွင် ကိုဗစ်−၁၉ရောဂါပိုး ထပ်မံစစ်ဆေး တွေ့ရှိခဲ့သည်။
အဆိုပါ ကိုဗစ်−၁၉ရောဂါ ပိုးတွေ့အတည်ပြုလူနာသစ်(၃)ဦးအား မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိပြီး ဆေးကုသမှုများ ခံယူလျက်ရှိကာ ငှက်ပျောတင်ယာဉ်(၂)စီးမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်(၂)ဦးအား ရွှေကူမြို့ရှိ Facility Quarantine Centre တွင် ပို့ဆောင်ထားရှိကြောင်း သိရသည်။
ရွှေကူမြို့နယ်တွင် ကျန်းမာရေးဝန်ထမ်းများက RDT(Rapid Antigen Diagnostic Test Kit)ဖြင့် စစ်ဆေးရာမှ နိုဝင်ဘာလ ၂၂ ရက်နေ့အထိ ကိုဗစ်−၁၉ ရောဂါ ပိုးတွေ့ရှိအတည်ပြုလူနာ စုစုပေါင်း(၁၃)ဦး ရှိပြီဖြစ်ကြောင်း၊ (၄)ဦးမှာ ကျန်းမာရေးပုံမှန်အတိုင်း ကောင်းမွန်ခဲ့သဖြင့် ဆေးရုံမှဆင်းခွင့်ပြုပြီး ဖြစ်ကြောင်း၊ (၉)ဦးမှာ ရွှေကူမြို့နယ် ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုများ ခံယူလျက်ရှိကြောင်း မြို့နယ်ကိုဗစ်−၁၉ရောဂါ ကြိုတင် ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။
ကျော်မျိုးအောင်(ပြန်/ဆက်)