မိတ္ထီလာမြို့နယ်၌ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော် ကျင်းပ

မိတ္ထီလာ  ဇန်နဝါရီ  ၈

မိတ္ထီလာမြို့နယ်၌ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် ၉နာရီ အချိန်က အမှတ် ၂ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်တွင် ကျောင်းသားကျောင်းသူများက ပြည်မြန်မာ သီချင်းဖြင့် အခမ်းအနားကို သီဆိုဖွင့်လှစ်ပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးသန်းက အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ခေတ္တမြို့နယ်ပညာရေးမှူး ဒေါ်ဥမ္မာမြင့်က မြို့နယ်အဆင့်ပညာရေး စုံညီပွဲတော်ကျင်းပရခြင်း အကြောင်းကို ရှင်းလင်းပြောကြားပြီး ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် မိတ္ထီလာ မြိုနယ်အတွင်းရှိ  ကိုယ်ပိုင်ကျောင်းများ အပါအဝင် ကျောင်းပေါင်း ၂၆၆ ကျောင်းဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည့်  အထက်တန်းအဆင့် ၊ အလယ်တန်းအဆင့် ၊ မူလတန်းအဆင့် အားကစားပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသားကျောင်းသူများ၊ စာပေပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသားကျောင်းသူများ၊ စုပေါင်း ကာယပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသားကျောင်းသူများနှင့် တိုင်းဒေသကြီးအဆင့် ပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသားကျောင်းသူများအား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုးအောင်နှင့် တာဝန်ရှိသူများက ဆုများ အသီးသီး ပေးအပ်ခဲ့ကြရာ ကျောင်းသားကျောင်းသူများက ဇာတိမာန်သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။

အဆိုပါ မြို့နယ်ပညာရေးစုံညီပွဲတော်သို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုးအောင်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိုးသန်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းလှိုင်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ခေတ္တမြို့နယ်ပညာရေးမှူး ဒေါ်ဥမ္မာမြင့်နှင့် ဆရာ၊ဆရာမများ၊ ဆုရရှိသည့် ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သိန်းမြင့်ကျော်(ပြန်ဆက်)