နမ္မတူ နိုဝင်ဘာ ၂၃
Dan Church Aid - Norwegin Church Aid (DCA-NCA)၏ ပံ့ပိုးမှုဖြင့် NeT (Never End Tomorrow) နှင့် မိတ်ဆွေကောင်းလူမှုကူညီရေးအသင်းတို့ ပူးပေါင်း၍ မသန်စွမ်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအထောက်အကူပြု ကျန်းမာရေးသုံးပစ္စည်းများနှင့် ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက် ပေးအပ်ခြင်းကို ယမန်နေ့က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်အတွင်းရှိ ကျေးရွာများ၌ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ကျန်းမာရေးသုံးပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်ရာတွင် မိတ်ဆွေကောင်း လူမှုကူညီရေးအသင်းမှ ဦးအောင်ဆန်းမြင့်၊ ရှမ်းပြည်နယ်မသန်စွမ်းသူများအသင်း ဘဏ္ဍာရေးမှူး ဦးစိုင်းရော်နီနှင့် NeT မှ ဒေါ်အားလိန်တို့က နိုဝင်ဘာလ (၂၂)ရက်နေ့တွင် နမ္မတူမြို့နယ် ပန်လုံကျေးရွာရှိ မသန်စွမ်း (၁၈)ဦး၊ မန်ကျန်းကျေးရွာရှိ မသန်စွမ်း (၁၀)ဦး၊ ပန်ဟတ်ကျေးရွာရှိ မသန်စွမ်း (၅)ဦး၊ မန်လီကျေးရွာရှိ မသန်စွမ်း (၆)ဦး၊ နားခိုလျှံကျေးရွာရှိ မသန်စွမ်း (၃)ဦး၊ မန်ဆာကျေးရွာရှိ မသန်စွမ်း (၂)ဦး၊ မန်စံကျေးရွာရှိ မသန်စွမ်း (၈)ဦး၊ ပန်သပြေ (တောင်)ကျေးရွာရှိ မသန်စွမ်း (၆)ဦး၊ နမ့်ဆီလင်းကျေးရွာရှိ မသန်စွမ်း (၂)ဦး စုစုပေါင်း မသန်စွမ်းသူ (၆၀)ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် တစ်ဦးလျှင် အဝတ်ပါးစပ်နှင့် နှာခေါင်းစည်း (Mask) (၁)ခု၊ လက်ဆေးဆပ်ပြာရည် (500ml)ဗူး (၁)ဗူး၊ Spray (100ml)ဗူး (၁)ဗူးနှင့် ထောက်ပံ့ငွေကျပ် (၂၀၀၀၀)နှုန်းဖြင့် စုစုပေါင်း အဝတ်ပါးစပ်နှင့် နှာခေါင်းစည်း (Mask) (၆၀)ခု၊ လက်ဆေးဆပ်ပြာရည် (500ml)ဗူး (၆၀)ဗူး၊ Spray (100ml)ဗူး (၆၀)ဗူးနှင့် ထောက်ပံ့ငွေကျပ် (၁၂၀၀၀၀၀)အား အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။
နမ္မတူမြို့နယ်အတွင်း မသန်စွမ်းသူ (၂၉၇)ဦးရှိပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြု ကျန်းမာရေးသုံးပစ္စည်းများနှင့် ထောက်ပံ့ငွေများအား နိုဝင်ဘာလ (၁၉)ရက်နေ့တွင် မသန်စွမ်းသူ (၁၀)ဦး၊ နိုဝင်ဘာလ (၂၀)ရက်နေ့နှင့် (၂၁)ရက်နေ့တွင် မသန်စွမ်းသူ (၄၇)ဦး၊ နိုဝင်ဘာလ (၂၂)ရက်နေ့တွင် မသန်စွမ်းသူ (၆၀)ဦး၊ စုစုပေါင်းမသန်စွမ်း (၁၁၇)ဦးအား ထောက်ပံ့ပေးအပ်ပြီးဖြစ်ကြောင်းနှင့် မသန်စွမ်းသူအားလုံး အကျိုးခံစားခွင့်ရရှိစေရေး အိမ်တိုင်ရာရောက် ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်မသန်စွမ်းသူများ အသင်း ဘဏ္ဍာရေးမှူး ဦးစိုင်းရော်နီ ထံမှ သိရသည်။
လူမော် (ပြန်/ဆက်)