ရွှေကူ နိုဝင်ဘာ ၂၃
ကချင်ပြည်နယ်၊ ဗန်မော်ခရိုင်၊ ရွှေကူမြို့နယ်အတွင်းရှိ ပြည်သူများ နေအိမ်ပြင်ပသို့ သွားလာပါက နှာခေါင်စည်း (Mask)များ မဖြစ်မနေ တပ်ဆင်၍ သွားလာကြရန်အတွက် ယနေ့နံနက် ၈ နာရီခွဲခန့်တွင် မြို့နယ်အတွင်းရှိ လူစည်ကားရာနေရာများ၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းနှင့် နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေခြင်းများ ပြုလုပ်ခဲ့သည်။
ယင်းသို့ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရွှေကူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာစိုင်းထွန်း ဦးဆောင်သော အခြေခံကျန်းမာရေး ဝန်ထမ်းများနှင့် မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များက လူစည်ကားရာ နေရာများဖြစ်သော စျေးများနှင့် မြို့ပေါ်ရပ်ကွက်များ၌ သွားလာ လျက်ရှိသော ပြည်သူများအား မိမိကိုယ်တိုင်နှင့် အခြားသူများ ကိုဗစ်-၁၉ရောဂါ မကူးစက်ရေးအတွက် နေအိမ်မှအပြင်သို့ထွက်တိုင်း ပါးစပ်နှင့်နှာခေါင်းစည်း(Mask)ကို မပျက်မကွက် စနစ်တကျတပ်ဆင်ကြရန် အသိပေးနှိုး ဆော်ခြင်းများ ဆောင်ရွက်ခဲ့ပြီး ပါးစပ်နှင့် နှာခေါင်းစည်း (Mask)များကိုလည်း အခမဲ့ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့သည်။
အလားတူ ရွှေကူမြို့နယ်အတွင်းရှိ တိုက်နယ်ဆေးရုံများမှ ကျန်းမာရေး ဝန်ထမ်းများကလည်း ကျေးရွာများနှင့် ရပ်ကွက်များရှိ ပြည်သူများကို ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းနှင့် နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျော်မျိုးအောင်(ပြန်/ဆက်)