နမ္မတူ နိုဝင်ဘာ ၂၃
နမ္မတူမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပါးစပ်နှင့်နှာခေါင်းစည်း (Mask) တစ်ခုလျှင် (၂၀၀)ကျပ်နှုန်း ဒဏ်ငွေရိုက်ကာ ခုဝယ်ခုတပ်စနစ်ဖြင့် ရှောင်တခင်စစ်ဆေး ကြပ်မတ်ဆောင်ရွက်ခြင်းကို ယနေ့နံနက် (၈)နာရီအချိန်ခန့် က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် မြို့မဈေးအနီးရှိ ဗိုလ်ချုပ်လမ်းအနီး၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် နမ္မတူမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဒေသခံပြည်သူများအား နေအိမ်ပြင်ပထွက်တိုင်း ပါးစပ်နှင့်နှာခေါင်းစည်း (Mask)ကို မဖြစ်မနေ စနစ်တကျတပ်ဆင်စေရေး အသိပညာပေး၍ ပါးစပ်နှင့်နှာခေါင်းစည်း (Mask) မတပ်ဆင်လာသော ဒေသခံပြည်သူ (၇၀) ဦးခန့်အား ရေမလို လက်သန့်ဆေးရည်ဖြင့် လက်ဆေးစေ၍ ပါးစပ်နှင့်နှာခေါင်းစည်း (Mask) တစ်ခုလျှင် (၂၀၀)ကျပ်နှုန်းဒဏ်ငွေရိုက်ကာ ခုဝယ်ခုတပ်စနစ်ဖြင့် ချက်ချင်းဝယ်ယူ တပ်ဆင်စေ ခဲ့ပါသည်။
နမ္မတူမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပါးစပ်နှင့် နှာခေါင်းစည်း (Mask) တစ်ခုလျှင် (၂၀၀)ကျပ်နှုန်း ဒဏ်ငွေရိုက်ကာ ခုဝယ်ခုတပ်စနစ်ဖြင့် ကြပ်မတ်ဆောင်ရွက်ခဲ့ရာ အောက်တိုဘာလမှ ယနေ့အချိန်အထိ ပါးစပ်နှင့်နှာခေါင်းစည်း (Mask) မတပ်ဆင်လာသော ဒေသခံပြည်သူ (၅၂၁)ဦးခန့်အား ဒဏ်ငွေရိုက် ဆောင်ရွက်နိုင်ခဲ့ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။
လူမော် (ပြန်/ဆက်)