တောင်ကြီး နိုဝင်ဘာ ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာန လူမှုဝန်ထမ်းဦးစီးဌာန၊ ရှမ်းပြည်နယ် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီအချိန်က ရှမ်းပြည်နယ် အစိုးရ အဖွဲ့အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ အစည်းအဝေးတွင် ရှမ်းပြည်နယ် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဒေါက်တာ အောင်သန်းမောင်ကိုယ်စား ရှမ်းပြည်နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကိုကိုအောင်က အဖွင့် အမှာစကား ပြောကြားပြီး၊ ရှမ်းပြည်နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒေါက်တာယဉ်ပွင့်ကျော်က ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှုများ၊ ကိုဗစ်-၁၉ ရောဂါနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး၊ ဒုတိယ ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဇော်မင်းအောင်က ကလေးသူငယ်မှုခင်းများနှင့် ဆက်သွယ် ဆောင်ရွက်နိုင်မည့် အရင်း အမြစ်(Resource)များနှင့် စပ်လျဉ်း၍လည်းကောင်း၊ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ ကလေး သူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအတွင်းရေးမှူး ဦးထွန်းဦးက ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းများကို လည်းကောင်း အသီးသီး ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသည့် ပြည်နယ်ဌာနဆိုင်ရာများမှ ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာများနှင့် ပတ်သက်၍ အသီးသီးဆွေးနွေးခဲ့ကြပြီး ရှမ်းပြည်နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ညွှန်ကြား ရေးမှူး ဦးကိုကိုအောင်မှ နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)