မတ္တရာမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ရေးအတွက် မျက်နှာအကာနှင့် နှာခေါင်းစီးများ တပ်ဆင်ရေး လှုပ်ရှားဆောင်ရွက်

မတ္တရာ  နိုဝင်ဘာ ၂၃

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် ပြန့်ပွားမှုမရှိစေရေးအတွက် မျက်နှာအကာနှင့် နှာခေါင်းစည်းများ တပ်ဆင်ရေး လှုပ်ရှားဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထို့သို့ မျက်နှာအကာနှင့် နှာခေါင်းစီးများ မဖြစ်မနေတပ်ဆင်ရေး လှုပ်ရှားဆောင်ရွက်ရာတွင် မျက်နှာအကာ(၁၀၀၀)ခုနှင့်  နှာခေါင်းစီး(၄၀၀၀)ခုတို့အား ကျေးရွာ များမှ မြို့အတွင်းသို့ ဝင်ထွက်သွားလာသည့် နေရာများ၊ မြို့မစျေး၊ ပျံကျစျေးနှင့် စျေးသည်များနှင့် လမ်းသွား လမ်းလာများအား ပေးဝေပြီး ကိုဗစ်၁၉ ရောဂါကြိုတင် ကာကွယ်ရေးနှင့် ကူးစက်ပြန့်ပွားမှု မရှိစေရန်အတွက် မျက်နှာအကာများနှင့် နှာခေါင်းစည်းများ အချိန်ပြည့်တပ်ဆင်ရေး၊ တပ်ဆင်ရာတွင်လည်း နှာခေါင်းနှင့် ပါးစပ်အား လုံခြုံအောင်စနစ်တကျတပ်ဆင်ရေး၊ လူစု လူဝေး နေရာများအား ရှောင်ရှားရေးတို့ကို အသိပညာပေးဟောပြောခဲ့ကြသည်။

အဆိုပါ မျက်နှာအကာများနှင့် နှာခေါင်းစီးများတပ်ဆင်ရေး လှုပ်ရှားဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်နိုင်၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသန့်လွင်ထွန်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြိို့နယ်ရဲတပ်မှူး ရဲမှူးကျော်မိုးနှင့် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန် ရှိသူများနှင့် ဝန်ထမ်း များ၊ လူမှုရေးအသင်းအဖွဲ့များမှ အဖွဲ့(၄)ဖွဲ့ခွဲကာ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

စိုးကျော်သူထွေး(မတ္တရာ)