နမ့်ခမ်းမြို့၌ စည်ပင်သာယာကော်မတီမှ (၂၀၂၀-၂၀၂၁)ဘဏ္ဍာရေးနှစ်၏ ပထမ(၃)လပတ်အတွင်း ဆောင်ရွက်ပြီးစီးရန် လျာထားသည့် လမ်းကျောက်ခင်းခြင်းလုပ်ငန်း(၁)ခုသာကျန်ရှိ

နမ့်ခမ်း နိုဝင်ဘာ ၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၌ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ (၂၀၂၀-၂၀၂၁) ဘဏ္ဍာရေးနှစ်၏ ပထမ(၃)ပတ်အတွင်း ဆောင်ရွက်ရန်လျာထားသည့် မြို့သန့်ရှင်းသာယာလှပရေး၊ တည်ဆောက်ရေးနှင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများအား သတ်မှတ်ချိန်ထက် စောလျင်စွာ ဆောင်ရွက်ပြီးစီးရန် အကောင်အထည်ဖော်လျက်ရှိရာ လက်ရှိတွင် လမ်းကျောက်ခင်းခြင်းလုပ်ငန်း(၁)ခုသာ ကျန်ရှိလျက်ရှိကြောင်း သိရသည်။

နမ့်ခမ်းမြို့ စည်ပင်သာယာရေးကော်မတီ၏ သတ်မှတ်ထားသည့် နယ်နိမိတ်အတွင်း မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ၊ လမ်း၊ တံတား၊ လိုအပ်သည့် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများကို (၂၀၂၀-၂၀၂၁) ဘဏ္ဍာရေးနှစ်၏ ပထမ(၃)ပတ်အတွင်း လျာထားသည့် ငွေလုံးငွေရင်း စုစုပေါင်းကျပ်ငွေ (၈၅၁)သိန်းဖြင့် လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိသည်။ နမ့်ခမ်းမြို့နယ် စည်ပင်သာယာရေးဦးစီးဌာနမှ အမှုဆောင်အရာရှိ ဦးမိုင်းအောင်ဖေ က "(၂၀၂၀-၂၀၂၁)ဘဏ္ဍာရေးနှစ် ပထမ(၃)လပတ်အတွင်းမှာ မြေသားမှ ကတ္တရာခင်းသည့် အကျယ်(၁၂)ပေ၊ ထု(၉")လက်မရှိ လမ်း(၂)လမ်း၊ ထပ်ပိုးကတ္တရာခင်းသည့် လမ်း(၅)လမ်း၊ ရေနှုတ်မြောင်းတံတား(၁)ခု၊ အမှိုက်ကျင်း(နေရာသစ်)သို့ သွားလမ်းအတွက် မြေသားလမ်းဖောက်ခြင်းနှင့် ကျောက်ခင်းခြင်း စသည့်လုပ်ငန်းများကို (၂၀.၁၀.၂၀၂၀)ရက်နေ့မှ စတင်ဆောင်ခဲ့ပါတယ်၊ လျာထားသည့် လုပ်ငန်းတွေထဲက အမှိုက်ကျင်း(နေရာသစ်)လမ်းသို့ သွားမည့် ကျောက်ခင်းခြင်းတစ်ခုသာ ဆောင်ရွက်ဆဲဖြစ်ပြီး ဒီဇင်ဘာလ ပထမပတ်မှာ ပြီးစီးရန် ခန့်မှန်းထားကြောင်း" ဟု ယခုဘဏ္ဍာရေးနှစ်၏ ပထမ(၃)ပတ်တွင် လုပ်ငန်းဆောင်ရွက်မှုများ ပြောပြသည်။ ယခုဘဏ္ဍာရေးနှစ်၏ ပထမ(၃)လပတ်အတွင်း လျာထားသည့် လုပ်ငန်းများကို သတ်မှတ်ရက်ထက် စောလျင်ပြီး လုပ်ငန်းများအားလုံး ဆောင်ရွက်ပြီးစီးနိုင်မည်ဟု ဦးမိုင်းအောင်ဖေ က ဆက်လက်ပြောပြခဲ့သည်။

(၂၀၂၀-၂၀၂၁)ဘဏ္ဍာရေးနှစ်၏ လျာထားလုပ်ငန်းများအား ဆောင်ရွက်မှုအခြေအနေများကို မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ အမှုဆောင်အရာရှိ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ် စည်ပင်သာယာရေးဦးစီးဌာနမှ အလတ်တန်းအင်ဂျင်နီယာ (SAE)နှင့် တာဝန်ရှိသူများက ကြီးကြပ်စစ်ဆေးခြင်းများ အမြဲဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆိုင်ထွန်း(ပြန်/ဆက်)