သီပေါမြို့နယ်တွင် ယာဉ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးခြင်း၊ နှာခေါင်းစည်း(Mask)နှင့် ဆိုင်ကယ်စီးဦးထုပ်များ အခမဲ့ဖြန့်ဝေ

သီပေါ နိုဝင်ဘာ ၂၃

ယာဉ်အန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ အမှတ်(၁၂၄) ကျောက်မဲခရိုင် ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ဒုရဲမှူး ဝေလင်းနိုင်နှင့် ကျောက်မဲ၊ သီပေါ ယာဉ်ထိန်းရဲတပ်ဖွဲ့စုများမှ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊ သီပေါမြို့နယ်ရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်မျိုးကျော်နှင့် ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ယာဉ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးခြင်း၊ နှာခေါင်းစည်း(Mask)များ၊ ဆိုင်ကယ်စီး ဦးထုပ်များ အခမဲ့ဖြန့်ဝေခြင်းနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့ ဗိုလ်ချုပ်လမ်းနှင့် မိုင်းပွန်လမ်းထောင့် မီးပွိုင့်နှင့် စာတိုက်ထောင့်တို့တွင် ယမန်နေ့ နံနက်ပိုင်းက ပြုလုပ် ဆောင်ရွက်ခဲ့သည်။

ထိုသို့ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကား၊ ဆိုင်ကယ်စီးနင်းမောင်းနှင်သူများ၊ လမ်းသွားလမ်းလာ ပြည်သူများအား  အမှတ်(၁၂၄) ကျောက်မဲခရိုင် ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ဒုရဲမှူး ဝေလင်းနိုင် က ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြောခြင်း၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များက ဆိုင်ကယ်စီးဦးထုပ်များ၊ လက်ကမ်းစာစောင်များနှင့် နှာခေါင်းစည်း (Mask) (၅၀၀)ခုအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ခင်လေး(သီပေါ၊ ပြန်/ဆက်)