ကန်ကြီးထောင့်မြို့တွင် လျှပ်စစ်သံဂဟေဆက်သင်တန်း (အခမဲ့) ဖွင့်လှစ်သင်ကြားပေးသွားမည်

ကန်ကြီးထောင့်  နိုဝင်ဘာ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရေးအတွက် အသက်မွေး ဝမ်းကြောင်း အထောက်အကူပြု သင်တန်းများကို ဘဏ္ဍာနှစ်အလိုက် (အခမဲ့) ဖွင့်လှစ်သင်ကြားပေး လျက်ရှိပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် လျှပ်စစ်သံဂဟေဆက်သင်တန်းကို ဒီဇင်ဘာ ၁၀ ရက်မှစတင်၍ အဆိုပါဦးစီးဌာန၌ (အခမဲ့)ဖွင့်လှစ် သင်ကြားပေးသွား မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းသို့ အခြေခံပညာအလယ်တန်းအဆင့်ရှိသူတိုင်း တက်ရောက်နိုင်ပြီး သင်တန်းသား ၂၀ ဦးအထိ သတ်မှတ်ထား‌ကြောင်း၊ သင်တန်းသားများကို Mask ၊ ဆပ်ပြာရည်နှင့် လက်အိတ်များထုတ်ပေးကာ ကိုဗစ်-၁၉ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းကာလမှာ ဒီဇင်ဘာ ၁၀ ရက်နေ့မှ ၃၀ ရက်နေ့အထိဖြစ်ပြီး တက်ရောက်လိုသူများအနေဖြင့် အဆိုပါဦးစီးဌာန၊ ဖုန်းနံပါတ် ၀၉-၇၈၄၃၆၃၂၆၁၀၉-၇၈၈၁၄၁၇၇၅ နှင့် ၀၉-၂၅၄၄၃၁၈၉၃ သို့ ဒီဇင်ဘာ ၄ ရက်နေ့ နောက်ဆုံးထား၍ ဆက်သွယ်စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

ကန်ကြီးထောင့်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရေးနှင့် ဝင်ငွေတိုးပွားစေရေးတို့အတွက် အသက်မွေးဝမ်းကြောင်း အထောက်အကူပြု သင်တန်းများကို ဘဏ္ဍာနှစ်အလိုက် (အခမဲ့) ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အထိ သင်တန်းပေါင်း (၁၁)ခုကိုဖွင့်လှစ်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးကျော်စိုးနိုင်ထံမှ သိရသည်။

နန်းထိုက် (ပြန်/ဆက်)