မိုင်းဆတ် ဇန်နဝါရီ ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့နယ်ရှိ ကျေးရွာများတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ တည်းခိုနေထိုင်ရေး အဆင်ပြေစေရန် ရှမ်းပြည်နယ်အစိုးရရန်ပုံငွေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် (၆)ခန်းတွဲ နှစ်ထပ် ဝန်ထမ်းစုပေါင်းရိပ်သာ စတင်တည်ဆောက်လျက်ရှိကြောင်း သိရသည်။
"မိုင်းဆတ်မြို့နယ်ရှိ ကျေးရွာနဲ့ ဝေးလံတဲ့တောင်ပေါ်ဒေသတွေမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ဝန်ထမ်းတွေ မြို့ကို အလုပ်ကိစ္စနဲ့ဖြစ်ဖြစ်၊ အခြားအကြောင်းကိစ္စနဲ့ဖြစ်ဖြစ် ရောက်တဲ့အခါ တည်းခိုနေထိုင်ဖို့ အခက်အခဲရှိတဲ့သူတွေ အဆင်ပြေအောင်နဲ့ အခြားဒေသကနေ ဒီမြို့ကို တာဝန်နဲ့ ခေတ္တခဏရောက်ရှိလာတဲ့ဝန်ထမ်းတွေ တည်းခိုဖို့ အဆင်ပြေအောင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ ရှမ်းပြည်နယ်အစိုးရ ရန်ပုံငွေနဲ့ (၆)ခန်းတွဲ နှစ်ထပ် ဝန်ထမ်းစုပေါင်းရိပ်သာ စတင်ဆောက်လုပ်နေပါတယ်"ဟု ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်က ပြောသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက် မိုင်းဆတ်မြို့ ခရီးစဉ်တွင် ကျဒယ်ရပ်ကွက်မှ ဦးသန်းဝေက ပညာရေးဝန်ထမ်းများအတွက် ရိပ်သာ(၁)ခု ဆောက်လုပ်ပေးရန် တင်ပြခဲ့သည့်အတွက် ရှမ်းပြည်နယ်အစိုးရမှ ဝန်ထမ်းစုပေါင်းရိပ်သာဆောက်လုပ်ရန် ရန်ပုံငွေခွဲဝေချထားပေးခြင်းဖြစ်သည်။
"ဒီမြို့မှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေ၊ အထူးသဖြင့် ပညာရေးနဲ့ကျန်းမာရေးဝန်ထမ်းတွေမှာ အခြားဒေသက လာရောက်တာဝန်ထမ်းဆောင်ကြတဲ့သူတွေက များပါတယ်၊ တစ်ချို့မြို့နဲ့ဝေးတဲ့ တောင်ပေါ်ဒေသတွေမှာ တာဝန်ကျတဲ့ ဆရာ၊ဆရာမတွေမှာ မြို့ကို အလုပ်ကိစ္စနဲ့လာတဲ့အခါ တည်းခိုဖို့အခက်အခဲရှိကြတယ်၊ တည်းခိုခန်းတွေရှိပေမဲ့ ဝန်ထမ်းလစာနဲ့ တည်းခိုဖို့ အခက်အခဲရှိတော့ ဘုန်းကြီးကျောင်းတွေမှာ လိုက်တည်းနေတဲ့ ဆရာ၊ ဆရာမ တွေကိုလည်းတွေ့နေရတယ်၊ ဒါကြောင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ခရီးစဉ်မှာ ပညာရေး ဝန်ထမ်းများအတွက် ရိပ်သာ(၁)ခု ဆောက်လုပ်ပေးဖို့ တင်ပြခဲ့တာပါ"ဟု ဦးသန်းဝေက ပြောသည်။
သန်းဇော်(မိုင်းဆတ်)