တန့်ယန်းမြို့နယ်တွင် မြို့တွင်းလမ်းများ ကောင်းမွန်စေရေးအတွက် အဆင့်မြှင့်တင်ခြင်းလုပ်ငန်း များ ဆောင်ရွက်

တန့်ယန်း  နိုဝင်ဘာ  ၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် မြို့နယ်စည်ပင်သာယာ ရေးဌာနတို့က မြို့သန့်ရှင်း သာယာလှပစေရေးနှင့် မြို့တွင်းလမ်းများ ကောင်းမွန်စေရေးအတွက် ဘဏ္ဍာနှစ်အလိုက် ခွင့်ပြုရန်ပုံငွေအပေါ်မူတည်၍ အဆင့်မြှင့်တင် ဆောင်ရွက်ပေးလျက်ရှိရာ မြို့နယ်စည်ပင် သာယာရေးကော်မတီမှဥက္ကဋ္ဌ ဦးမြင့်စိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ မိုင်းဟင်္သာထွန်းနှင့် တာဝန်ခံ အင်ဂျင်နီယာ တို့က လမ်းအရည်အသွေး စံသတ်မှတ်ချက်နှင့်အညီ အစဉ်အမြဲ ကောင်းမွန်နေစေရေးအတွက် ယနေ့မွန်းလွဲပိုင်းက အမှတ်(၆)ရပ်ကွက်ရှိ ဝိန်းလောင်းလမ်း လမ်းသွယ်(၁)အား ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

တန့်ယန်းမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင်း အမှတ်(၆)ရပ်ကွက်ရှိ ဝိန်းလောင်းလမ်းသွယ်(၁)အား ခွင့်ပြု ရန်ပုံငွေ ကျပ်(၉၆)သိန်းဖြင့် အရှည် (၅၀၀)ပေ၊ အကျယ် (၁၂)ပေကို ကတ္တရာလမ်းအဖြစ် ဆောင်ရွက်ပေးခဲ့ပြီး အမှတ် (၉) ရပ်ကွက်ရှိ ရွှေတောင်ကြားလမ်းအား အရှည် (၅၀၀)ပေ၊ အကျယ်(၁၂)ပေကို  ကတ္တရာလမ်းအဖြစ် လည်းကောင်း၊ အမှတ်(၄)ရပ်ကွက်ရှိ အနော်ရထာလမ်း အား အရှည်(၄၀၀)ပေ၊ အကျယ် (၁၈)ပေကို ကတ္တရာထပ်ပိုးလွှာလမ်းအဖြစ် လည်းကောင်း အဆင့်မြှင့်တင်ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးဌာနမှ သိရသည်။   

မင်းလွင်ဦး(ပြန်/ဆက်)