ကွတ်ခိုင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှုမရှိစေရန် အသိပညာပေး နှိုးဆော်မှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

ကွတ်ခိုင် နိုဝင်ဘာ ၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့၌  ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှုမရှိစေရန်အတွက် အသိပညာပေး နှိုးဆော်မှုများကို ယမန်နေ့ညနေပိုင်း က မြို့အတွင်းလှည့်လည်ကာ အရှိန်အဟုန်မြှင့် ပြုလုပ်ဆောင်ရွက်သည်။ 

ထိုသို့ဆောင်ရွက်ရာတွင် ကွတ်ခိုင်မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများက လက်ရှိမြန်မာနိုင်ငံ၏ ရာသီဥတုမှာ ဆောင်းရာသီသို့ စတင်ကူးပြောင်းချိန်ဖြစ်သဖြင့် ဗိုင်းရပ်စ်ရောဂါပိုးများအတွက် ရောဂါကူးစက်ပြန့်နှံ့မှုအား ပိုမိုဖြစ်ထွန်းစေနိုင်သော ကာလဖြစ်သည့်အပြင် မကြာမီရောက်ရှိလာတော့မည့် ပွင့်လင်းရာသီနှင့် ရက်ရှည်ရုံးပိတ်ရက်များအတွင်း ခရီးသွားခြင်းများ မပြုလုပ်ရန် အသိပေးနှိုးဆော်မှုများ ပြုလုပ်သည်။

ပြည်သူများအနေဖြင့် တက်နိုင်သမျှ မိမိနေအိမ်တွင်သာ နေထိုင်စေခြင်း၊ နေအိမ်မှပြင်ပသို့ ထွက်ခွာရာတွင်လည်းကောင်း၊ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်နှင့် ဈေးသို့ ဈေးရောင်း/ဈေးဝယ် ပြုလုပ်ရာတွင်လည်းကောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်နှင့်အညီ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာနိုင်စေရန်  လိုက်လံနှိုးဆော်ပြီးရောဂါဖြစ်ပွားလျက်ရှိသော ဒေသမှ ပြန်လာသူများရှိပါက နီးစပ်ရာကျန်းမာရေးဌာနများနှင့် သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများထံ အကြောင်းကြားပေးပါရန် အစရှိသည့် အသိပေးနှိုးဆော်မှုများကို ပြုလုပ်ဆောင်ရွက်သည်။

ကွတ်ခိုင်မြို့အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုရေးပရဟိတအသင်းအဖွဲ့များက ပူးပေါင်း၍ လူစည်ကားသည့်နေရာများနှင့် မြို့အဝင်/ထွက်ရှိ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးစခန်းတို့၌ ဝင်/ထွက်သွားလာသည့် အနယ်နယ်အရပ်ရပ်မှ ခရီးသွားပြည်သူများနှင့် ဒေသခံပြည်သူများကို ကျန်းမာရေးစစ်ဆေးခြင်း၊ နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းတို့ကို အရှိန်အဟုန်မြှင့် ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကိုမိုင်း(ပြန်/ဆက်)