နမ့်စန်မြို့တွင် စားသောက်ဆိုင်များ သတ်မှတ်ချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်နိုင်ရေး ကွင်းဆင်းစစ်ဆေး

နမ့်စန်(တ) နိုဝင်ဘာ ၂၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက်  တာဝန်ရှိသူများ ယမန်နေ့နံနက် ၉နာရီအချိန် က မြို့နယ်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ကွင်းဆင်းစစ်ဆေးရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးထိုက်မြင့်၊ မြို့နယ် စည်ပင်သာရေးဌာနမှ အမှုဆောင်အရာရှိ ဦးအောင်နိုင်ဦး၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သူနာပြု အဆင့်-၁ ဒေါ်သင်းသင်းအေးနှင့် အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်ဝင်းမူယာ၊ မြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲအုပ်ဟိန်းမင်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်အောင်နှင့် တာဝန်ရှိသူများပါဝင်သော ပူးပေါင်း အဖွဲ့က စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များ ပြန်လည်ဖွင့်လှစ်ရာတွင် ပြင်ဆင်ထားရှိ ရမည့်အချက်များ၊ စားသောက်ဆိုင်ဝန်ထမ်းများနှင့်စားသုံးသူများ လိုက်နာရမည့်အချက်များနှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ စည်းကမ်းချက်များကို ဆိုင်ပိုင်ရှင်များ အသိပေးရှင်းလင်းပြောကြားခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှုတို့ကို စစ်ဆေးခဲ့ကြောင်း သိရသည်။

နမ့်စန်မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ သတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိအား ထပ်မံစစ်ဆေး သွားမည်ဖြစ်ပြီး သတ်မှတ်စည်းကမ်းနှင့်ကိုက်ညီသော ဆိုင်များကို မကြာမှီ ပြန်လည်ဖွင့်လှစ်ခွင့် ပြုသွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးဌာနထံမှ သိရသည်။

သူရအောင်(ပြန်/ဆက်)