မအူပင် နိုဝင်ဘာ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ပေကုန်းကျေးရွာအုပ်စုတွင် အသက် ၉ နှစ် မှ ၁၀ နှစ်ထိ အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာ (HPV) ကြိုတင်ကာကွယ်ရေးအတွက် ကာကွယ်ဆေး ထိုးခြင်းကို ယမန်နေ့နံနက်ပိုင်းက ပေကုန်းကျေးရွာအုပ်စု မြတ်ဆုယူတန်ဆောင်းတွင် ကျေးလက်ကျန်းမာရေးဌာနခွဲ နယ်မြေကျန်းမာရေးဆရာမ ဒေါ်ဇင်နွယ်ဦးနှင့် တာဝန်ရှိသူများက ကျေးရွာအုပ်စုရှိ အမျိုးသမီးငယ် ၄၉ ဦးအား (ပထမ)အကြိမ် ကာကွယ်ဆေးထိုးခြင်း ဆောင်ရွက်သည်။
သားအိမ်ခေါင်းကင်ဆာ (HPV) ကာကွယ်ဆေးသည် အသက် ၉ နှစ်မှ ၁၀ နှစ်အရွယ် အမျိုးသမီး ငယ်များအား တစ်နှစ်ခြား ၂ ကြိမ် ထိုးနှံရမည်ဖြစ်ပြီး ယခု ပထမအကြိမ်ထိုးနှံကာ ၂၀၂၀ ခုနှစ် အောက်တိုဘာလတွင် ဒုတိယအကြိမ်ထိုးနှံပေးမည်ဖြစ်သည်။
မအူပင်မြို့နယ်အနေဖြင့် ရပ်ကွက်/ ကျေးရွာအုပ်စု ၈၈ အုပ်စုရှိပြီး၊ ကျေးရွာခွဲပေါင်း ၄၄၂ ရွာ ရှိသဖြင့် သားအိမ်ခေါင်းကင်ဆာ (HPV)ထိုးနှံရန် အသက် ၉ နှစ်မှ ၁၀ နှစ် အမျိုးသမီးငယ် ၃၃၁၃ ဦးရှိရာ နယ်မြေအလိုက် ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန် ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်း ဆောင်ရွက် လျက်ရှိကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနက သိရသည်။
အောင်ခိုင် ၊ အောင်မြင့်မြတ်(မအူပင်)