မိုင်းဖြတ် နိုဝင်ဘာ ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် လမ်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် နတ်မောက်မြို့နယ်နှင့် ရေနံချောင်းမြို့နယ်မှ မိုင်းဖြတ်မြို့နယ်သို့ ခေါ်ဆောင်လာသည့် လုပ်သား(၁၇)ဦးနှင့် မိသားစုဝင်(၆)ဦးကို ယမန်နေ့ညနေ (၄)နာရီအချိန်ခန့် က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Antigen (RDT)Test Kit ဖြင့် စစ်ဆေးခဲ့ရာ ရောဂါပိုးမတွေ့ရှိကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာကျော်မျိုးဇော် ဦးစီးပြီး ဓာတ်ခွဲကျွမ်းကျင်-၃ ဒေါ်အိသက်မွန်နှင့်ဝန်ထမ်းများက နတ်မောက်မြို့မှ ၁၇ ဦး၊ ရေနံချောင်းမြို့မှ ၆ ဦး စုစုပေါင်း ၂၃ ဦးကို Test Kit ဖြင့်စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ရောဂါပိုးမတွေ့ကြောင်း သိရပြီး အဆိုပါ ၂၃ဦးကို တို့ဖတ်များနမူနာရယူကာ တောင်ကြီးမြို့၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဌာနသို့ ပြန်လည်ပေးပို့စစ်ဆေးသွားမည် ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရသည်။
လမ်းလုပ်သား ၁၇ဦးနှင့် မိသားစုဝင် ၆ဦးကို မိုင်းဖြတ်မြို့နယ်သို့ မြို့နယ်လမ်းဦးစီးဌာနမှ လမ်း လုပ်ငန်းများဆောင်ရွက်ရန်အတွက် နိုဝင်ဘာလ ၁၀ရက်နေ့ညမှာ ခေါ်ဆောင်လာခဲ့ပြီး ကလောမြို့နယ်ရှိ နန်းပန်တက် ကိုဗစ်စစ်ဆေးရေးဂိတ်မှာအိပ်ပြီး ကားသမားများကိုသာ စစ်ဆေးခဲ့တယ်၊ ၁၃ရက်နေ့မှာ မိုင်းဖြတ်ကိုရောက်ပြီး ပါဆန်းကျေးရွာအနီး တာမချောင်းနားမှာ Home Quarantine ထားပါတယ်၊ ၂၂ရက်နေ့မှာ ကျန်းမာရေးဌာန က Test Kitနဲ့ စစ်ဆေးခဲ့တာဖြစ်ကြောင်း မြို့နယ်လမ်းဦးစီးဌာနမှ ဦးစီးအရာရှိ(မြို့ပြ) ဦးဇော်ကိုကိုအောင် ထံမှ သိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)